တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ၁၉-၆-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လာပလကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှု ကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန်က ဦးစီးဌာနမှ ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်း များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးဝင်းတင်က ပြည်နယ်အတွင်း တိုင်းရင်းသားများ၏ ပညာရေးကဏ္ဍဆိုင်ရာ ကိစ္စများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကြောင်းကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူမှုရေးပင်စင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထောက်ပံ့ပေးမှုကိစ္စ ရပ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဟိန်းထက်ကျော်က အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံမေးခွန်းများကို ရှင်းလင်း ပြောကြားပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၀) ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။