တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသား အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဉာဏ်လွင်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇေယျာဦးက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဉပဒေများအကြောင်းကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက “ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများ”ကို ရှင်းလင်းပြောကြားခဲ့ပြီး စစ်တမ်ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၆) ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက်လာကြသူများကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနှင့် ရှမ်း၊ နာဂ၊ ချင်း၊ လီဆူတိုင်းရင်းသားများ တက်ရောက်ခဲ့ကြပါသည်။