ပထမအကြိမ် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားစေရေးကို အထောက်အကူပြုစေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ကောင်းစွာလိုက်နာတတ်စေရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ငွေစာရင်း ထိန်းသိမ်းရေးနည်းလမ်းများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ပိုမိုသိရှိ နားလည်လာပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေဖြင့်လည်း ဆောင်ရွက်ရသည့် လုပ်ငန်းများရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဆရာမများ သင်ကြားပို့ချပေးသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လေ့လာမှတ်သားလိုက်နာကြမှသာ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများဖြင့် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံရုံးလုပ်ငန်းများကို သိရှိရန်လိုအပ်သကဲ့သို့ လိုက်နာကျင့်သုံး စောင့်ထိန်းရမည့် နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်နှင့် ဝန်ထမ်းကျင့်ဝတ် အပါး (၃၀)တို့ကိုလည်း လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းမှသိရှိ နားလည်လာသော အသိပညာ ဗဟုသုတများကို အခြေခံ၍ စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်အသီးသီးတွင် ပြန်လည်အသုံးချကာ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသောဝန်ထမ်းများ ဖြစ်လာရန် ကြိုးစားကြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်ရည်ကိုယ်သွေး မြင့်မားစွာ တာဝန်သိသိ သစ္စာရှိရှိ စနစ်တကျမှန်ကန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးတို့သည် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းတို့ကို သိရှိထားရန် လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရငွေကို ပိုမိုရှာဖွေရမည်ဖြစ်ပြီး သုံးငွေကို တတ်နိုင်သမျှ ချွေတာသုံးစွဲရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားစီမံကိန်းလုပ်ငန်းစဉ် (၂၄) ခု ရှိပြီး calendar ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ ဝန်ထမ်းများအနေဖြင့်လည်း ဝန်ကြီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို တတ်စွမ်းသမျှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရငွေနှင့် သုံးငွေများကို ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းနှင့်အညီ အသုံးပြုရန် လိုအပ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို ဂရုတစိုက် လေ့လာမှတ်သားပြီး မိမိတို့ဌာနတိုးတက်ရေးအတွက် ပြန်လည်အသုံးချစေလိုပါကြောင်း၊ မိမိတို့ဌာနတိုးတက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြာ ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူ(၃၀)ဦးနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူ(၅၈)ဦးတို့က Online မှ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။