ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းတို့နှင့် ပူးပေါင်း၍ တိုင်းရင်းသားဘာသာသင် Language Teacher (LT) ဆရာ၊ ဆရာမသင်တန်းများ မွမ်းမံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၃၀) ရက်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်စာပေနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးများ၌ စတင်သင်ကြားခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် KG+ Grade-12 သင်ရိုးညွှန်းတမ်း ပြောင်းလဲခဲ့သည့်အတွက် KG သင်ရိုးညွှန်းတမ်းအား ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ Grade-1, 2 သင်ရိုးညွှန်းတမ်းအား ၂၀၁၉ ခုနှစ်တွင် ရေးဆွဲပြီးစီးခဲ့ပြီး Grade-3 သင်ရိုးညွှန်းတမ်းအား ၂၀၂၀ ပြည့်နှစ်တွင် စတင်ရေးဆွဲခဲ့ကာ ၂၀၂၃ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း၊ ယခု Grade-4 သင်ရိုးညွှန်းတမ်းအား စတင်ရေးဆွဲလျက်ရှိပါကြောင်း၊ မိမိတို့၏ စာပေကိုလေ့လာ သင်ယူလိုစိတ်ဖြစ်အောင် ဆရာ၊ဆရာမများမှ ကျောင်းသား၊ကျောင်းသူများအား ပြောကြားရန် လိုအပ်ပြီး ကိုယ်ပိုင်ဘာသာစကားကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌက မွမ်းမံသင်တန်း၏ အားသာချက်၊ အားနည်းချက်နှင့်စပ်လျဉ်းဆွေးနွေးခဲ့ပြီး ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း ဉက္ကဋ္ဌက မွမ်းမံသင်တန်းမှ ရရှိသော အကျိုးကျေးဇူးအကြောင်းကို ပြောကြားခဲ့ပါသည်။
ထို့နောက် ဆုရရှိသူ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများအား တိုင်းရင်းသားရေးရာဝန်ကြီးက ဆုချီးမြှင့်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင် ၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းဉက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌတို့က မွမ်းမံသင်တန်း တက်ရောက်ခဲ့သည့် TA/LT ဆရာ ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
၎င်းနောက် သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် ကရင်၊ ရှမ်း TA/LT ဆရာ၊ ဆရာမများက သင်တန်းမှ သင်ယူခဲ့သည့် ကရင်ရိုးရာဝါးညှပ်ဝါးထောက်အက၊ ရှမ်းရိုးရာအကများဖြင့် တင်ဆက် ကပြဖျော်ဖြေခဲ့ရာ တိုင်းရင်းသားရေးရာဝန်ကြီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ သင်တန်းကို မေလ (၂၃)ရက်နေ့မှ မေလ (၃၀) ရက်နေ့အထိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး ကရင် TA/LT ဆရာ၊ ဆရာမ (၈၀)ဦး နှင့် ရှမ်း TA/LT ဆရာ၊ ဆရာမ (၂၀)ဦး၊ စုစုပေါင်း TA/LT ဆရာ၊ ဆရာမ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။