ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် ဖွင့်လှစ် ဧရာဝတီ ၊ မေ ၂၇
ဧရာဝတီ၊ မြန်အောင် 2023-06-05
Image

  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေး သင်တန်း”ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မြန်အောင်မြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီးအရှိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား တောင်သူများ စုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက ကျွဲ၊ နွား၊ ဝက်မွေးမြူရေးအကြောင်းနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ရာသီအလိုက်ကျရောက်တတ်သော တိရစ္ဆာန် ရောဂါများ၊ မွေးမြူရေးတောင်သူများအားလုံး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူနိုင်ရေးနှင့် မေထုံမဲ့မျိုးစပ်ခြင်းဆိုင်ရာကိစ္စရပ်များ အကျိုး ကျေးဇူးများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းစနစ်များ အကြောင်းကိုအကျယ်တဝင့် ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်မျိုးစေ့ဌာနခွဲတာဝန်ခံ ဒုတိယဦးစီးမှုး ဦးအောင်ဇော်ဦးက မျိုးစေ့၊သီးနှံစေ့များအကြောင်း၊ စပါးမျိုးစေ့အရည်အသွေးစစ်ဆေးရေး စံချိန်စံညွှန်းများ၊ မျိုးကောင်း/မျိုးသန့် ၏ အရည်အချင်းလက္ခဏာများ၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင် သောအကျိုးကျေးဇူးများ၊ စပါးအထွက်တိုးရေး နည်းပညာ(၁၀)ချက်နှင့် စပါးအထွက်နှုန်းတိုးတက်ရေး အတွက် အထွက်နှုန်းမိတ်ဖက်(၄)မျိုးအကြောင်း၊ တစ်ဧကကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်ရမည့် အချက်များ၊ တစ်ယူနစ်ဧရိယာအတွင်း အနှံအရေအတွက် မြင့်မားအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ တစ်နှံပါ အစေ့အရေအတွက်နှင့် အောင်စေ့ရာခိုင်နှုန်း မြင့်မားအောင် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ အစေ့(၁၀၀၀) အလေးချိန်မြင့်မားအောင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မျိုးစေ့ဆားရည်စိမ်ခြင်း နည်းလမ်းများကို အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်မြေအသုံးချရေးဌာနခွဲတာဝန်ခံ လက်ထောက်ဦးစီးမှူး ဒေါ်ဝင်းမာမြင့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ထုံးထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်၊ ထည့်သွင်း နိုင်သော ထုံးအမျိုးအစားများအကြောင်း၊ မြေအမျိုးအစားအလိုက် ထုံးထည့်သွင်းသည့် နှုန်းထားများ၊ ထုံးထည့်သွင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိနိုင်သော အကျိုုးကျေးဇူးများ၊ စပါးခွံမြေဆွေး ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ တစ်ဧကအတွက် စပါးခွံမြေဆွေးပုံပြုလုပ်နည်းနှင့် အချိုးအစားအလိုက် ထည့်သွင်းရမည့် ပါဝင်ပစ္စည်းများအကြောင်း၊ စပါးပင်သက်တမ်းအလိုက် ပုလဲမြေဩဇာ အချိန်ကိုက်၊ အချိုးကျ ထည့်သွင်းနည်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒု-လက်ထောက် ဦးစီးမှူး ဒေါ်စန္ဒီမောင်က စပါးမျိုးစေ့ချအဆင့်တွင် ကျရောက်နိုင်သောဖျက်ပိုးများအကြောင်းနှင့် ရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ ပျိုးခင်းအဆင့်တွင် ကျရောက်နိုင်သော ဖျက်ပိုးများအကြောင်းနှင့်ရောဂါ ကာကွယ် နှိမ်နင်းနည်းများ၊ ပင်ပွားအဆင့်တွင် ကျရောက်နိုင်သောဖျက်ပိုးများအကြောင်းနှင့်ရောဂါကာကွယ် နှိမ်နင်းနည်းများ၊ အနှံထွက်ချိန်တွင် ကျရောက်နိုင်သော ဖျက်ပိုးများအကြောင်းနှင့်ရောဂါကာကွယ်နှိမ်နင်း နည်းများ၊ ဖျက်ပိုးအမျိုးအစားအလိုက် အသုံးပြုသင့်သည့် ပိုးသတ်ဆေးအမျိုးအစားများအကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်ဦးစီးမှူး ဦးစိုးမြင့်အောင်က စိုက်ပျိုးရေးဆိုင်ရာ(မြေ၊ မျိုး၊ ပိုး သင်တန်းပေးခြင်း)အနှစ်ချုပ်အနေဖြင့် ပြောကြားရာတွင် လက်ရှိစပါးအထွက်နှုန်းထက် တစ်ဧက လျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး၊ အခြောက်သမန်းနှင့် အစိုသမန်း ကြဲပက်စိုက်ပျိုးခြင်းတွင် စပါးပင်ပိုမို ဖြစ်ထွန်းစေသည့် အစိုသမန်းကိုသာ လုပ်ကိုင်ဆောင်ရွက်ရေး၊  မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါဒဏ်ခံနိုင်မည့်အကြောင်းနှင့် အထွက်နှုန်းတိုးတက် လာမည့်အကြောင်း၊ သဘာဝမြေဩဇာဖြစ်သည့် ပိုက်ဆံလျှော်မြေမြှုပ် လုပ်ကိုင်နည်းများကို ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ပါသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image