တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ မေလ (၂၄)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု ဦးစီးဌာနတို့ပူးပေါင်း၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်” နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၂၄-၅-၂၀၂၃) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကင်မလင်းချောင်းကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့် အရာထမ်း၊ အမှုထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဥမ္မာညွန့်၊ မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)ဦး၊ မှော်ဘီမြို့နယ်အုပ်ချုပ် ရေးမှူး၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူစိုး၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မှော်ဘီမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း( ၁၂၀ ) ဦး တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်း သားဘာသာသင် TA/LT ဆရာများခန့်ထားခြင်းဆိုင်ရာအကြောင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်း နှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေတွင်ပါရှိသည့် အခွင့်အရေးဆိုင်ရာများကို ပိုမိုသိရှိစေရန် စစ်တမ်းများကောက်ယူရခြင်းနှင့် လိုအပ်သည့် အသိပညာများကို ပို့ချစေရန် ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာရေးဆွဲရာတွင် အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်ရခြင်းများကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဥမ္မာညွန့်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ အကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန် လိုအပ်မှုအခြေ အနေ၊ ပန်းခင်းစီမံချက်(၂) ဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်းစတင် အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန်အကြောင်းတို့ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်မှ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများအခြေအနေ၊ အသက်(၈၅) နှစ်အထက် သက်ကြီးရွယ်အိုများ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအကြောင်း၊ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းနှင့် မိဘများမှ ကလေးများအား တန်ဖိုးထားရန်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုဦးစီးဌာန၏အကြောင်း၊ အသေးစားစက်မှုနှင့် လက်မှု တို့၏ အဓိပ္ပါယ်၊ အသေးစားစက်မှုနှင့်အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်းဖွင့်လှစ် ပေးမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးကျော်သူစိုးက သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့်လက်ရှိ ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ သမဝါယမပေါ်ပေါက်လာပုံအကြောင်း၊ အသင်းချေးငွေအကြောင်း၊ သင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အခြေခံစားသောက်ကုန်ရောင်းချပေးနေမှု အခြေအနေတို့ကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မိမိတို့ရပ်ရွာဒေသများတွင် သင်တန်းများ လာရောက်ဖွင့်လှစ်ပေးမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် သက်မွေးပညာသင်တန်း တက်ရောက်မည့် သင်တန်းသား/သူများကို အားပေးစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခြင်း၊ စုပေါင်းအမှတ်တရဓါတ်ပုံများရိုက်ကူးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။