ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာအသင်းတို့ပူးပေါင်းပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အခြေခံ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၀)ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရေး၊ ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား ပြန့်ပွားထွန်းကားရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ငွေနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှ သင်တန်းနည်းပြ ဆရာ၊ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများကို လည်းကောင်းပေးအပ်ခဲ့ကြပါသည်။
ထို့နောက် သင်တန်းသား၊သင်တန်းသူများမှ အဆိုအကများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို မေလ (၁၁) ရက်နေ့မှ မေလ (၂၀)ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ အမိတာရာမရဲကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။