ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းတို့ ပူးပေါင်းပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၂) ရက်နေ့က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာဖြင့် မိမိတို့၏စာပေကို လေ့လာသင်ယူပါက မိမိတို့ ဘိုးဘွားတွေ ထားရှိခဲ့တဲ့ အမွေအနှစ်ဖြစ်တဲ့ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ စကား၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြ နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့၏ တိုင်းရင်းသားလူမျိုးများအတွက်၊ နိုင်ငံ ကောင်းကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေနှင့် ဆုရသင်တန်းသားအား သင်တန်းဆင်းအောင်လက်မှတ်အားလည်းကောင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်း ဆုရသင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ကရင်ရိုးရာတူရိယာများဖြင့် တေးသီချင်းများ၊ ကိုလိုနီခေတ်ဒုံးအက၊ မျက်မှောက်ခေတ် ဒုံးအကများဖြင့် တင်ဆက် ကပြ ဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ သင်တန်းကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကျေးရွာပေါင်း(၁၃)ရွာမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၂၆၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ (၁၈) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။