တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြုလုပ်သော ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်နှင့်အညီ ဌာန အတွင်းရှိ အမှုထမ်းဝန်ထမ်းများနှင့် အခြေခံပညာအရွယ် ဝန်ထမ်းမိသားစုများ၏ သားသမီး များကို ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး နှင့်အနာဂတ်လူငယ်များအား ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေများ ပေးနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဃ)တွင် “နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပြီး မိမိတို့၏ ယုံကြည်ကိုးကွယ်မှုများကို ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသကဲ့သို့ မိမိတို့၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန်ကိုလည်း ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ မြန်မာမှုနယ်ပယ်တွင် လူကောင်းလူတော်များ ဖြစ်စေရေးအတွက် ထူးခြားသော ဝိသေသလက္ခဏာဖြစ်သည့် (၃၈) ဖြာမင်္ဂလာဟူ၍ ကျင့်ကြံနေထိုင်ရေးလမ်းညွှန် ရှိနေခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ နေထိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ သင်ကြားရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ လိုက်နာကျင့်သုံးရေး နှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ရှောင်ကြဉ်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ စိတ်ထားရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၅)ပါး၊ သည်းခံရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ခြိုးခြံရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ စိတ်ထားကြံ့ခိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ (၄)ပါးတို့ ဖြစ်ပါကြောင်း၊ ထို့အပြင် အဓိကကျသည့် ကျင့်ဝတ် (၁၀)ပါး ဖြစ်သည့် မိဘကျင့်ဝတ်၊ သား သမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ ဒါယိကာကျင့်ဝတ်တို့ကို စနစ်တကျ အသက်အရွယ် ကာလအပိုင်းအခြားအလိုက် ကျင့်ကြံလိုက်နာ ဆောင်ရွက်မည်ဆို ပါက လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် လူအများနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းသင်းပြောဆို ဆက်ဆံနိုင်သည့် အကျိုးကျေးဇူး ရလာဒ်ကောင်းများကိုလည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန် တိုင်းပြည်၏ကဏ္ဍအသီးသီး၌ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူရွယ် မောင်မယ်များအနေဖြင့် ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများနှင့် ဗလ (၅)တန်နှင့်ပြည့်စုံသည့် လူကောင်းလူတော်များဖြစ်လာရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြား ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး(၄)ခု ရှိပြီး မည်သည့် ဘာသာ၌မဆို ယဉ်ကျေးစေရန်၊ လိမ္မာစေရန် လမ်းညွှန်ဆုံးမကြပါကြောင်း၊ ယဉ်ကျေးမှုတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဟူ၍ရှိပြီး စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသည်ပို၍ အရေးပါ ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် Social Credit System ဖြင့် နိုင်ငံသားများ၏ အပြုအမူပေါ် မူတည်၍ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးကြပါကြောင်း၊ ယဉ်ကျေးလိမ္မာဟူသည့် စကားရပ်သည် လွန်စွာကျယ်ပြန့်ပြီး ယင်းအောက်တွင် စည်းကမ်းရှိခြင်း၊ သီလရှိခြင်း၊ သမာဓိရှိခြင်း၊ သတိရှိခြင်း၊ သဒ္ဒါတရားရှိခြင်း၊ ဝီရိယရှိခြင်း၊ ပညာရှိခြင်း စသည်တို့ ပါဝင်သည့် အပြင် ဗြဟ္မစိုရ်တရား (၄)ပါး ဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့လည်း ပါဝင်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများ၏ ယဉ်ကျေးခြင်းနှင့်လိမ္မာခြင်းတို့သည် ဤဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံသားအားလုံးအတွက် ယဉ်ကျေးလိမ္မာသောလူမျိုး၊ ယဉ်ကျေးလိမ္မာသော အထောက်အပံ့ကောင်းများဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် သင်တန်းနည်းပြ ဆရာ ဆရာမများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။