ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့တွင် ဖွင့်လှစ် ဧရာဝတီ ၊ မေ ၆
ဧရာဝတီ 2023-05-06
Image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကျုံပျော်မြို့၊ မြို့နယ် အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားတောင်သူများ စုစုပေါင်း (၁၆၉)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များ ကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် မှုများ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာ ဆောင်ရွက် ရမည့် အချက်အလက်များကို  ရှင်းလင်းပြောကြားခဲ့ပါသည်။

       ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါက်တာထွန်းမင်းက မွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ကာကွယ်ဆေး အစီအမံဆောင်ရွက်နေမှုများ၊ ကူးစက်ရောဂါများ၊ ဇီဝလုံခြုံမှုဆိုင်ရာကိစ္စရပ်များနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်းများကို ရှင်းလင်းအသိပညာ ပေးခဲ့ပြီး ဒေသခံမွေးမြူရေးတောင်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား၍ မွေးမြူရေးဆိုင်ရာ လက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူး ဒေါက်တာ ဖြိုးအိအိစံက မေထုံမဲ့သားစပ်ခြင်း/မျိုးမြှင့်တင်သားစပ်ခြင်းများအကြောင်း၊ မေထုံမဲ့သားစပ်ခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ မျိုးအောင်မှုကို လျော့ကျစေသော အကြောင်းအရင်းများ၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော တိရစ္ဆာန် အစာပင်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး နေဗီယာမြက်မျိုးများအား ဒေသခံတောင်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်မြေအသုံးချရေးဌာနခွဲမှ ဒုလက်ထောက် ဦးစီးမှူး ဒေါ်ယုယုဝင်းက မြေဆီလွှာအရေးပါပုံ၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဓါတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ မြေချဉ်ခြင်းကြောင့် ထုံးထည့်သွင်းပြုပြင်ခြင်းနည်းလမ်းများ၊ မြေဆွေးပုံပြုလုပ် နည်းများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်းလုပ်ငန်းများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ မေးမြန်းသိရှိလိုများကို ရှင်းလင်း ပြောကြား၍ စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်မျိုးစေ့ဌာနခွဲမှ ဒုလက်ထောက်ဦးစီးမှူး ဦးဒွေးဇေယျာလှိုင်က အထွက်နှုန်းကောင်း၊ ဝင်ငွေလည်းတိုးစေမည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနည်းနှင့်ထုတ်လုပ်ပုံနည်းစနစ်များ၊ ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းများ၊ မိုးစပါး ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းရေး နည်းစနစ်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံ တောင်သူများ၏ ဆွေးနွေး မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားခဲ့ပါသည်။ 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုလက်ထောက် ဦးစီးမှူး တာဝန်ခံ ဒေါ်မိုးမိုးအောင်က စပါးအထွက်နှုန်းများနှင့် ရောဂါအန္တရာယ် ဒဏ်ခံနိုင်ရေးတို့အတွက် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ မျိုးစေ့ဆားရည်စိမ်ခြင်း အကြောင်းအရာများ၊ စိုက်စနစ်ပြောင်းလဲခြင်းအတွက် လုပ်ဆောင်ရမည့်အချက်များကို အသိ ပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image