ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ ကော့ကျိုက်(ပအွံ)ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးဝင်းတင်နှင့် တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း မှ အဖွဲ့ဝင်များ၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ် များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာကိစ္စများ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ လူမှုရေးပင်စင်၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assitant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အမုန်းစကားနှင့် အကြမ်းဖက် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား(၈၇)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ နေ့လယ်ပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။