“ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း”ကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဖွင့်လှစ် ဧရာဝတီ ၊ ဧပြီ ၂၆
ဧရာဝတီ 2023-04-25
Image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့်  တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် မအူပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ မအူပင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားတောင်သူများ စုစုပေါင်း (၁၅၂)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကို လည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assitant (TA) နှင့် Language Teacher  (LT) ဆရာ/ဆရာမ များခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို  ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသန်းသန်းအေးက မွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်း ထိခိုက်နစ်နာမှု လျှော့ချနိုင်ရေး၊ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ ခြောက်သွေ့သောကာလတွင် တိရစ္ဆာန် အစာ ရှားပါးမှု ပြဿနာအတွက် မြက်ချဉ်ဖတ်ပြုလုပ်နည်းများ၊ တိရစ္ဆာန်မှ လူထံကူးစက်ရောဂါများ ဖြစ်ပွားမှု မရှိစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် သယ်ဆောင်ခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် ကိစ္စရပ်များကို အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံမွေးမြူရေး တောင်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား၍ မွေးမြူရေးဆိုင်ရာလက်ကမ်း စာစောင်များကို ဝေငှခဲ့ပါသည်။

ထို့နောက် ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်သိန်းမြင့်က လူသားများအားလုံးအတွက် အာဟာရပြည့်မီသော နို့ထွက်ပစ္စည်းထုတ်ကုန် များ ပိုမိုထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များမှ နိုင်ငံခြားဝင်ရရှိရေး၊ တိရစ္ဆာန်အစာအတွက် မြက် အမျိုးအစားများ၊ ပဲမှော်များအကြောင်း၊ ဒေသရာသီဥတုဒဏ်ခံနိုင်သည့် ဒေသပေါက် မျိုးကောင်း၊ မျိုးသန့် နွားများမွေးမြူရေးတို့ကို အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဝင်းက တိုင်းဒေသကြီးအတွင်းရှိ ငါးမျိုးစိတ်များအကြောင်းနှင့် ရေသယံဇာတများ ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်ကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးဌာနခွဲ တာဝန်ခံ ဒေါ်ကြည်ကြည်ဝင်းက သီးနှံပင်များ စိုက်ပျိုးရေးအတွက် မြေဆီလွှာအရေးပါပုံနှင့် လိုအပ်သော အာဟာရဓါတ်(၁၇)မျိုးအကြောင်း၊ မြေဆွေးပြုလုပ်ပုံနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးနည်းနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ မြေအချဉ်အငန် အကြောင်းနှင့် မြေပြုပြင်နည်းစနစ်များ၊ ထုံးထည့်သွင်းနည်းနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ နုံးထည့်သွင်းခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ မေးမြန်းသိရှိလိုများကို ရှင်းလင်းပြောကြား၍ စိုက်ပျိုးရေးဆိုင်ရာလက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့ဌာနခွဲ တာဝန်ခံ ဒေါ်ကြည်မာစန်းက မျိုးကောင်း မျိုးသန့်ထုတ်လုပ်ရေး၏ အခြေခံအချက်ဖြစ်သော မျိုးစေ့၊ မျိုးဆန်၏ အဓိပ္ပာယ်နှင့် စပါးမျိုးအဆင့် သတ်မှတ်ချက်များ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးပုံနည်းစနစ်များနှင့် လိုက်နာ ဂရုပြုရမည့်အချက်များ၊ မျိုးကွဲများ လျှော့ချစိုက်ပျိုးရေးနှင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပုံနည်းအဆင့် ဆင့်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ ဆွေးနွေးမေးမြန်းချက် များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။ 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒေါ်အေးသန္တာချိုက စပါးသီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် စတင်စိုက်ပျိုးမည့်အချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ဖျက်ပိုး ရောဂါများကြောင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး၊ မျှော်မှန်းထားသည့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန် အတွက် မျိုးစေ့စီရင်ခြင်းနည်းလမ်းများနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ပေါင်းမြက်နှင့်သီးနှံ ယှဉ်ပြိုင် သည့်ကာလများတွင် ပေါင်းမြက်ကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ရန် ပေါင်းအမျိုးအစား ခွဲခြားခြင်းနှင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းများ၊ စပါးသီးနှံ သက်တမ်းတစ်လျှောက်တွင် ကျရောက်ဖျက်ဆီးလေ့ရှိသော အင်းဆက်ဖျက်ပိုးများ၏ ဖျက်ဆီးပုံများ၊ အပင်ရောဂါလက္ခဏာများနှင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းများ၊ တောင်သူအကျိုးပြု သဘာဝမိတ်ဆွေပိုးများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဓါတုပိုးသတ်ဆေး အသုံးပြုရာ တွင် ထိရောက်စွာဖြင့် အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်စေရန် ပိုးသတ်ဆေးစနစ်တကျကိုင်တွယ် သုံးစွဲခြင်း နည်းလမ်းများနှင့် သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ များရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image