၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ နေပြည်တော် ဧပြီ ၁၉
နေပြည်တော် 2023-04-19
Image

   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် (၁၉-၄-၂၀၂၃) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍  အမှာစကားပြောကြားပါသည်။ 

   ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊  ဦးတည်ချက် ၁၂ ရပ် နှင့်အညီ စနစ်တကျအကောင်အထည် ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဌာန်းခြင်းဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်၍ မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များ ဖြစ်ပါကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန် အားထည့်၍ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မိမိတို့ဝန်ကြီးဌာနမှ  စီမံကိန်းလုပ်ငန်းစဉ် (၂၄) ခု တင်ပြခဲ့ပြီး ရငွေအနေဖြင့်  (၁၀၇၀.၅၇၈) သန်း  နှင့်သုံးငွေအနေဖြင့်  (၅၄၁၃.၇၀၉) သန်း ကို နိုင်ငံတော်မှ  အတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဘဏ္ဍာရေးဆိုင်ရာ အရအသုံးများကို လုပ်ပိုင်ခွင့်အပ်နှင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် စီမံကြည့်ရှုကွပ်ကဲရန်၊ ရရှိလာသည့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊  လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ သုံးစွဲရန်၊ (၃) လတစ်ကြိမ် စနစ်တကျ ပြန်လည်အစီရင်ခံ တင်ပြရန် လမ်းညွှန်ထားပါကြောင်း၊  သို့ဖြစ်ရာ သက်ဆိုင်ရာဌာနများအလိုက် ငွေကြေးကိစ္စရပ်များကို လွှဲအပ်ပေးပြီးဖြစ်ပါကြောင်း၊   အထူးသဖြင့် ရငွေများကို ပိုမိုရှာဖွေရန်ဖြစ်ပြီး သုံးငွေများကို ချွေတာသုံးစွဲရန်ဖြစ်ပါကြောင်း၊  ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ပင်မအဖွဲ့အစည်းနှင့် အထောက်အကူပြု အဖွဲ့အစည်းဟူ၍ ရှိပါကြောင်း၊ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ လုပ်ငန်းစွမ်းဆောင်နိုင်မှုအင်အားနှင့် အချိန်ကာလတို့ကို စနစ်တကျအသုံးချပြီး အချင်းချင်း အပြန်အလှန် တိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက အခက်အခဲမရှိ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

  ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်းဆုံးဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်း ဥပဒေသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်ကို အကောင်အထည်ဖော်ရန် ဝန်ကြီးဌာနတိုင်းတွင် တာဝန်ရှိပြီး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းဥပဒေတွင် ကဏ္ဍ (၁၄) ခုရှိပြီး  မိမိတို့ဝန်ကြီးဌာနသည် လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် ပတ်သက်ဆက်နွယ်မှုရှိပါကြောင်း၊ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၅၀၀ လျာထားပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀၀၀ လျာထား ပါကြောင်း၊ နိုင်ငံတော်၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖြစ်ရာ မိမိတို့၏ ထုတ်ကုန်များကို Value added ဖြစ်စေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ MSME စီမံချက်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိမိတို့ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးများက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အထူးပံ့ပိုးကူညီရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအကျိုးစီးပွားသည် အဓိက အရေးကြီးပါကြောင်း၊ ဌစ၊ ရသ စာရင်းများကို သေချာစွာ ပြုစုရမည်ဖြစ်ပြီး လျှပ်စစ်မီးကိုလည်း ချွေတာရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်မျှအထိ နိုင်ငံတော်အတွက် အကျိုးပြုပြီးပြီဆိုသည်ကို သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၂) ခု ရှိပြီး ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှုအောက်တွင် တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ စည်းလုံးညီညွတ်စွာဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် နေထိုင်ရန်ဖြစ်ပြီး ဥပဒေစည်း၏ အပြင်ဘက်သို့ မရောက်ရှိစေရန်  ရှောင်ကြဉ်၍ မိမိတို့ဌာန၏ စီမံကိန်း (၂၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊  စီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ၃ လ တစ်ကြိမ် ပေးပို့နိုင်ရေးအတွက် Calendar ရေးဆွဲ ပြင်ဆင်ဆောင်ရွက်ထားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။ 

   ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးသား စီမံကိန်းများသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နေသည့် အဓိက လုပ်ငန်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏ ဂုဏ်သိက္ခာမညှိုးနွမ်းစေရေး၊ ဆင်ခြင်တုံ တရားရှိစေရေးနှင့် လိုက်နာရမည့် ဝန်ထမ်းသစ္စာအဓိဋ္ဌာန်များ၊ ကျင့်ဝတ်အပါး (၃၀)နှင့်အညီ မိမိတို့၏ ကျရာကဏ္ဍမှ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာဖြင့် လုပ်ငန်းများအောင်မြင်စေရန် ဝိုင်းဝန်းဆောင်ရွက် သွားရန်အထူးလိုအပ်ပါကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။                  

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဌာနခွဲတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image