ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥ(ပ်)ပူးချင်းလူမျိုးများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့စဉ်လာများကို တန်ဖိုးထားတက်လာကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် “ရိုးရာဂျက်ခုတ်သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၊ ချင်းရိုးရာအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တွဲဖက်တာဝန် ထမ်းဆောင်နေသည့် ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများ၊ ချင်းစာပေနှင့်ယဉ်ကျေးမှု အသင်းမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်သင်တန်းသူများ အပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင်တွဲဖက်တာဝန် ထမ်းဆောင်နေသည့်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းမှ ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ ချင်းရိုးရာဂျက်ခုတ် သင်တန်းဖွင့်လှစ်ပေးသည့်အတွက် မည်သည့်နေရာတွင်မဆို ချင်းရိုးရာ ဂျက်ခုတ်ပညာ ဖြင့် ရက်လုပ်ထားသည့် ချည်တဘက်၊ ချည်အင်္ကျီ အစရှိသည့် အထည် ပစ္စည်းများမှာ စက်ဖြင့်ပြုလုပ်၍ရသော်လည်း လက်ဖြင့် အသေးစိတ်ဖန်တီးပြုလုပ်ရသည့်အတွက် ပိုမို၍ ကြာရှာစွာ အသုံးပြုရသဖြင့် တန်ဖိုးရှိလှပါကြောင်း ရှင်းလင်းပြောကြားခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ(တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်မှ လက်မှုပညာဖြစ်သည့် ရိုးရာဂျက်ခုတ် ပညာအား တက်မြှောက်ပြီးလျှင်ဥ(ပ်)ပူးချင်း လူမျိုးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်မှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပေးမှု အခြေအနေနှင့် ရိုးရာဂျက်ခုတ် သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြောကြားခြင်း၊ ဥ(ပ်)ပူးချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင် ဦးလှမောင်မှ မိမိတို့ ဥ(ပ်)ပူးချင်းရိုးရာ မတိမ်ကောစေရန် ဖွင့်လှစ်သင်ကြားပေးသည့် အတွက် အထူးပင်ကျေးဇူးတင် ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၊ တွဲဖက်တာဝန်ထမ်း ဆောင်နေသည့်ညွှန်ကြားရေးမှူး ဦးမျိုးဝင်း မှ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရ ဓါတ်ပုံ များ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား နေ့လယ် စာဖြင့်တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။