ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဖွင့်လှစ် ဧရာဝတီ ၊ ဧပြီ ၆
ဧရာဝတီ 2023-04-06
Image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့်  တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူး၍ “ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် လပွတ္တာမြို့၊ ရွေးနဒီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၂၇၇)ဦး တက်ရောက်ခဲ့ပါသည်။

သင်တန်းတွင် လပွတ္တာခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က မိတ်ဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ အကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဦးစီးဌာန၏ ဆောင်ရွက်ချက်များအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် TA/LT ဆရာ/ဆရာမများ လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက စားနပ်ရိက္ခာ ဖူလုံရေးအတွက် မွေးမြူရေးထုတ်လုပ်မှုတိုးတက်စေရန် နည်းပညာများ၊ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနည်းပညာများ၊ မြက်ချဉ်ဖတ် ပြုလုပ်နည်းများ ကိုလက်တွေ့ပြသခဲ့ပြီး လသားတိရစ္ဆာန်အစာပင် (၅၅၀)နှင့် မြက်မျိုးစေ့(၄)မျိုးကို မွေးမြူရေးတောင်သူများ ထံ ဖြန့်ဖြူးပေးဝေခဲ့ပါသည်။  ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ၊ လပွတ္တာခရိုင် သီးနှံကာကွယ်ရေးဌာန ဦးစီးအရာရှိ ဒေါ်ကေသီလွင်က စပါးသီးနှံတွင် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စပါးသီးနှံ တွင်ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးများအား ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနည်း၊ အရေးပေါ်ကုသနည်းများ၊ စပါးဖျက်ရွှေခရုကာကွယ် နှိမ်နင်းနည်းများကို လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ လက်ထောက် သုတေသနအရာရှိ ဦးညီညီထွေးက ဆန်စပါးအထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်း မျိုးသန့် စပါးများစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်စပါးများရရှိရေးနှင့် မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးနည်းစနစ်များအား အသိပညာပေးပြောကြားခဲ့ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရပ်နား ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က စပါးသီးနှံအထွက်တိုးရေးအတွက် မျိုးရွေးချယ်စိုက်ပျိုးခြင်း၊ မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ရိတ်သိမ်းခြင်း ဆိုင်ရာအကြောင်းအရာများအား အသိပညာပေး ပြောကြား ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲမွေးမြူရေးစခန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာစိုးဦးက ကျွဲ၊ နွား စသည့်တိရစ္တာန်အစာများအတွက် စိုက်ပျိုးနိုင်သော မြက်အမျိုးအစားများနှင့် အစာပင်များအကြောင်း၊ မြက်ချဉ်ဖတ်ပြုလုပ်နည်းများနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက တက်ရောက်လာ သူများအား အမှတ်တရလက်ဆောင် ပေးအပ်၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image