ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က မြောင်းမြမြို့၊ မြစိမ်းတောင်ဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဒုတိယဥက္ကဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်စွာနေထိုင်ပြီး မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ကြရန်၊ စကားစာပေများကိုလည်း ပညာရေးမူဝါဒကို ထိခိုက်မှုမရှိစေဘဲ သင်ကြားသင်ယူကြစေလို ကြောင်းနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက် စေရန် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်ဌာနများနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်ကြရန် ပြောကြားပါသည်။
ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဌ ဦးစိုးထွန်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် TA/LT လျှောက်လွှာများတင်ရာ တွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးကျော်မိုးဝင်းက မိုးစပါး၊ နွေစပါး အထွက်နှုန်း တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး စိုက်ပျိုးရေး နည်းစနစ်ကောင်းများအား အားလုံးအတူတကွ လိုက်နာကျင့်သုံးရေး၊ ဓါတ်မြေဩဇာများအချိန်မီ အချိန်ကိုက် အသုံးပြုနိုင်ရေး အသေးစိတ်ရှင်းလင်းပြောကြားပြီး ဒေသခံတိုင်းရင်းသားများသို့ စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးထုတ်လုပ်မှုတိုးတက်စေရန် နည်းပညာများအကြောင်း၊ တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ် သော ရောဂါများ၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုနည်းလမ်းများ၊ တိရိစ္ဆာန် အစာပင် စိုက်ပျိုးခြင်းနည်းပညာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်ပေးအပ်ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရပ်နားခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာန၊ မြောင်းမြတာဝန်ခံ ဒေါ်ဖြူပြာလွင်က တိုင်းဒေသကြီးတစ်ခုလုံး တစ်ဧက (၁၀) တင်း အထွက်နှုန်း ပိုမို တိုးတက်ရေး၊ ဒေသနှင့်သင့်လျော်ပြီးဈေးကွက်ရှိသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးထုတ်လုပ်နည်း များကို သင်တန်းပေးခဲ့ပြီး မျိုးစပါးများအား လက်တွေ့ပြသခြင်း၊ သဘာဝမြေဩဇာပြုလုပ်နည်းအား လယ်ယာသုံး စွန့်ပစ်ပစ္စည်းများနှင့်သဘာဝ အရင်းအမြစ် အပေါ်အခြေခံ၍ လုပ်ကိုင်ဆောင်ရွက်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးသီဟကျော်က နွားမွေးမြူရေးအစာအတွက် အဟာရပြည့်ဝပြီးအလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသော မြက်အမျိုးအစားများအကြောင်း၊ မြက်ချဉ် ဖတ်ပြုလုပ်နည်းများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်ယဉ်မာက ရွှေခရုမျိုးများပြန့်ပွားမှုမရှိစေရေး နည်းလမ်းများအားတောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တက်ရောက်လာသူများအား လက်ကမ်း စာစောင်များ၊ တိရိစ္ဆာန်အစာပင် (၇၈၀) တို့အား ဖြန့်ဖြူးပေးခဲ့ပြီး မြက်ချဉ်ဖတ်ပြုလုပ်နည်းကို တောင်သူများအား လက်တွေ့ပြသကာ အခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။