တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ နေပြည်တော် မတ် ၃၀
နေပြည်တော် 2023-03-30
Image

   မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့သည် ဝန်ကြီးဌာန၏ သက်တမ်း (၇)နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ပါကြောင်း၊  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ဆောင်ရွက်နိုင်စေရန် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် (၇)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို အနည်းငယ် ပြောကြားလိုပါကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားရေးနှင့်စပ်လျဉ်း၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ယနေ့အထိ  တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ (Teaching Assistant -TA) ၁၄၈၉၃ ဦးနှင့် တိုင်းရင်းသား စာပေသင် ဆရာ၊ ဆရာမ (Language Teacher-LT) ၂၀၀ ဦး၊ စုစုပေါင်း ၁၅၀၉၃ ဦးတို့အား ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ခန့်ထားပေးနိုင်ခဲ့သည့်အပြင် ဘာသာစကား (၇၂) မျိုးအထိ အောင်မြင်စွာ သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုပိုစတာများ၊ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆိုခြင်း၊ ကိုဗစ်- ၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပညာပေးအချက်အလက်များကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆိုခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသားလူမျိုးများ သိရှိနားလည်စေရန် တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရပါကြောင်း၊ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံ၊ ကိုးကွယ် ယုံကြည်မှုနှင့် ပွဲတော်များကို Documentary ရုပ်/ သံ မှတ်တမ်းတင်ခြင်း၊ တိုင်းရင်းသားရိုးရာ အစားအစာဟင်းလျာ(၈)မျိုး ချက်ပြုတ်နည်းအစီအစဉ်များ ရိုက်ကူးခြင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ တိမ်ကောပပျောက်မှုမရှိစေရေးနှင့် အစဉ်တည်တံ့ခိုင်မြဲစေရေးအတွက်  တိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု၊ ပုံပြ/ ပုံပြင် စာအုပ်များ၊ စကားထာ စကားပုံ၊ စကားဝှက်၊ စကားလိမ်၊ ဆိုရိုးစာအုပ်များ၊ တိုင်းရင်းသား လူမျိုးများ၏ ဆောင်ရန်၊ ရှောင်ရန်ရိုးရာဓလေ့များနှင့် အတိတ် နိမိတ်စာအုပ်များထုတ်ဝေခြင်း စသည်များကို ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေးအတွက်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း အစီအစဉ်များ၊ တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန် လေ့လာရေးအစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနရှိဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသား အသင်းအဖွဲ့များမှ ပြည်ထောင်စုအဆင့် မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်နိုင်ရန် တင်ပြ လာသည့် အသင်းအဖွဲ့များအား ထောက်ခံချက်ပေးခြင်း၊ တိုင်းရင်းသားများမှ မြေယာကိစ္စများနှင့် ပတ်သက်၍ တင်ပြလာသည့်ကိစ္စများ၊ တိုင်းရင်းသားများ၏ လူမျိုးအမည်၊ လူမျိုးစုအမည်၊ လူမျိုးနွယ်စုအမည်များနှင့် အခြားလိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညှိနှိုင်း ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်စွာသူများအား အခါအားလျော်စွာ ထောက်ပံ့ ပေးခြင်း၊ တိုင်းရင်းသားဒေသများတွင်  သက်ဆိုင်ရာ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊ ထောက်ပံ့ငွေပေးခြင်းနှင့် ထောက်ပံ့ငွေ ရရှိနိုင်ရေးများကိုလည်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအနေဖြင့် အထူးသဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုက်နာရမည့် အခြေခံအချက်များဖြစ်သည့် ဝန်ကြီးဌာနက ချမှတ်ထားသည့်မူဝါဒကို မျက်ခြေ မပြတ်စေရန် အထူးလိုအပ်လှပါကြောင်း၊  ဝန်ကြီးဌာန၏ သက်တမ်း (၇)နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို ပြန်ကြည့်မည်ဆိုပါက ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများတို့၏ ဦးဆောင်မှု၊ ဌာနအကြီးအကဲများ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၏ စုပေါင်းလုပ်အားဖြင့် စွမ်းဆောင်နိုင်မှုများ မြင့်မားလာသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊   မိမိတို့ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများအတွက်  ဂုဏ်ယူဝမ်းမြောက်တတ်ရန် လိုအပ်သကဲ့သို့ ရောင့်ရဲမနေဘဲ  အခက်အခဲ စိန်ခေါ်မှုများအတွက် ပြန်လည်သုံးသပ်ပြီး နည်းလမ်း ကောင်းများရှာဖွေ၍ ရှေ့လာမည့်အနာဂတ် အချိန်ကာလများတွင် မိမိတို့ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသား များ၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို နိုင်ငံတော်မှထုတ်ပြန်ထားရှိသည့် ဥပဒေနှင့်အညီ ဥပဒေအရ သိရှိနိုင်ရန်နှင့် ရှေးရှုပြီး ဆောင်ရွက်ရန်လည်း အထူးဂရုပြုရန် လိုအပ်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့်  နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအားလုံး မိသားစု စိတ်ဓာတ်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်တို့ဖြင့် အထက်အောက်အပြန်အလှန် ချစ်ခင်လေးစားခြင်း၊ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်ပြုမူဆက်ဆံကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် မိမိတို့၏ ကိုယ်စီဂုဏ်သိက္ခာ မညှိုးနွမ်းရလေအောင် အထူးအစဉ်သတိပြု နေထိုင်ကြရန်၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးအားလုံးနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ပါရှိသော စစ်မှန်သောမျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ လူမှုရေးဦးတည်ချက်တွင်ပါရှိသော တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓါတ်ကိုအခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်  ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနရှိဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး ထုတ်ပြန် ထားရှိသည့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ပေးကြရန်၊ မိမိတို့တိုင်းရင်းသားများ၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို မိမိတို့ ကျရာအခန်းကဏ္ဍမှ ကိုယ်စီလုပ်ငန်းများကို ကျေပွန်စွာဖြင့် ရှေ့ဆက်၍ အားကြိုးမာန်တက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ 

   ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) အခြေခံမူအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ ပေါ်ပေါက်လာပါကြောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဖြစ်ပေါ်လာပါ‌ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအတွက် အထူး တာဝန်ရှိသော ဌာနတစ်ခုဖြစ်ပါကြောင်း၊  မိမိတို့၏စွမ်းဆောင်ရည်(Capacity Building)ကို အစဉ်အမြဲ မြှင့်တင်နေရန်လိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့်တာဝန် (၃) ရပ် ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀) ပါး ရှိပါကြောင်း၊ ထိုကျင့်ဝတ်နှင့်တာဝန်များကို လိုက်နာကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားမှ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်လည်း မြင့်မားမည် ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်မှုရရှိရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်မြှင့်တင်ရေးကို အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဝန်ကြီးဌာနရှိ ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအဆို၊ အကများ၊ ခါသင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများအာလုံး နေ့လယ်စာကို လက်ရည် တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image