“လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော် မတ် ၂၁
နေပြည်တော် 2023-03-21
Image

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြပါသည်။ 

 ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဤသင်တန်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊  နည်းပညာများကို နားလည်တတ်မြောက်ပြီး ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင် သင်တန်းပြီးမြောက် အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ သင်တန်းနည်းပြများက စေတနာအပြည့်အဝဖြင့် သင်ကြားပေးကြသလို သင်တန်းသား၊ သင်တန်းသူများကလည်း စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြသည်ကို တွေ့ရှိရသဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို အပြည့်အဝ သင်ယူတတ်မြောက်သွားကြပြီဟု ယုံကြည်ပါကြောင်း၊ ဆရာသမားဂုဏ်နှင့်အညီ သင်ကြားပေးကြပါသော သင်တန်းနည်းပြဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ ဤသင်တန်းမှ သင်ကြားပေးလိုက်သည့် အခြေခံနည်းပညာများကို လက်ကိုင်ထားပြီး မိမိဘာသာ ဆန်းသစ်တီထွင်ကာ ပစ္စည်းအရည်အသွေးကို အကောင်းဆုံးနှင့် နည်းစနစ်တကျထုပ်ပိုးပြီး ဈေးကွက်ထိုးဖောက်နိုင်မည်ဆိုပါက အရင်းအနှီး အနည်းဆုံးနှင့် အချိန်တိုတိုအတွင်း စီးပွားဖြစ်နိုင်မည့်  အလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်ကို သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များကို ရေရှည်အာမခံချက် ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ဟုလမ်းညွှန်ချမှတ်ထားသည်ကို  အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပေါများစုံလင်သဖြင့် ယင်း ကုန်ကြမ်းများကို ထိထိရောက်ရောက်အသုံးချပြီး အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည် ဆိုလျှင် ပြည်ပသွင်းကုန်များနှင့် အစားထိုးနိုင်မည်ဖြစ်သလို ယခုထက်တစ်ဆင့်မြှင့်ပြီး နိုင်ငံတကာအရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့တင်ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလိုက်သည့် လူသုံးကုန်ပစ္စည်းများ  ထုတ်လုပ်သည့်နည်းပညာများကို လက်တွေ့ အသုံးချပြီး ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို နောင်တစ်ချိန်တွင် ဆက်လက်တည်ထောင်ပြီး မိသားစုဝင်ငွေ တိုးပွားရုံသာမက ဌာနနှင့် နိုင်ငံ့ဝင်ငွေတိုးပွားအောင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပါသည်။

 ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူအား အမြဲတမ်းအတွင်းဝန်က လည်ကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်း နည်းပြဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး  သင်တန်းသား၊ သင်တန်းသူများမှ ထုတ်လုပ်ထားသည့် လူသုံးကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများက ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image