တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား မော်လမြိုင် မတ်လ (၁၉)
မော်လမြိုင် 2023-03-19
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါလျက် မတ်လ (၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ 

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို ဆောင်ရွက် ရသည့်ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ် များကို ဖွံ့ဖြိုးတိုးတက်အောင်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် (၂၀၀၈) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်နှင့် အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို သိရှိလိုက်နာကျင့်ကြံရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန်ဝတ္တရားများကိုသိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုထူးခြားသည့်အခြေအနေကာလတွင် နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကို သိရှိနားလည်ထားပြီး လုပ်ငန်းများကို မိမိကျရာကဏ္ဍများတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်လည်း မှာကြားလိုပါကြောင်း၊ ဌာနနှင့်ဝန်ထမ်းများ၏ လုံခြုံရေးနှင့်ကျန်းမာရေးတို့ကိုလည်း အထူး ဂရုပြုဆောင်ရွက်သွားရန်မှာကြားလိုပါကြောင်း၊ ဦးစီးဌာနများ၏ ဝန်ထမ်းများသည် ဌာနေဒေသခံ တိုင်းရင်းသားလူမျိုးများ၏ အရေးအရာကိစ္စရပ်များအားလုံးကို စစ်မှန်သောပြည်ထောင်စု စိတ်ဓါတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည့်အပြင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက မွန်ပြည်နယ်အတွင်း တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

၎င်းနောက် ဝန်ထမ်းများက အထွေထွေဆေွးနွေးတင်ပြကြပြီး တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ပြည်နယ်တာဝန်ခံများက ရုံးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်တို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက် နိုင်ရန် ဖွံ့ဖြိုးမှုထောက်ပံ့ငွေများပေးအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးထံ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image