တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ထံမှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် အသစ်ခန့်အပ် တာဝန် ပေးအပ်ခံရသည့် ဦးစီးအရာရှိများက လမ်းညွှန်ဩဝါဒခံယူခြင်းအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိ (၁၀) ဦးက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဩဝါဒအမှာစကားပြောကြားရာတွင် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဌာနချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ် များတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများသည် မိမိဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဒေသများမှ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ခံများ၏ ညွှန်ကြားချက်များကို လိုက်နာအကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် တိုင်းရင်းသား ပြည်သူလူထုနှင့် ပေါင်းကူးဆောင်ရွက်ပေးရသော ဌာနဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သိရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးတစ်ရပ်လုံးအတွက် နိုင်ငံအကျိုးပြု စည်းရုံးရေးမှူးကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဦးစီးရာထူးအဆင့်နှင့်လျော်ညီစွာ တာဝန်ထမ်းဆောင်ကြရန်၊ မလိုလားအပ်သည့် အုပ်ချုပ်မှု၊ ထူးခြားဖြစ်စဉ်များမဖြစ်ပွားအောင် တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ အချိန်နှင့်တပြေးညီတင်ပြကြရန်၊ မိမိတို့သင်ကြားဆည်းပူး လေ့လာထားရှိခဲ့ကြ သည့်ပညာရပ်များကို လက်တွေ့နယ်ပယ် တာဝန်ထမ်းဆောင်ကြရာတွင် အသုံးချသွားရန်နှင့် ဆက်လက်လေ့လာသွားကြရန် မှာကြားလိုပါကြောင်း၊ ဦးစီးအရာရှိများအနေဖြင့် မိမိအထက် အရာရှိမှ ပေးအပ်လာသော လုပ်ငန်းတာဝန်ဝတ္တရားများကိုဖြစ်စေ၊ နိုင်ငံတော်၏ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးအပ်လာသော လုပ်ငန်းတာဝန်များကိုဖြစ်စေ၊ မိမိအထက် အကြီးအကဲ၏ ကွပ်ကဲမှုအနည်းဆုံးဖြင့် အချိန်နှင့်တပြေးညီ အချိန်မီပြီးစီးအောင်တာဝန်ကို ထမ်းဆောင်၊ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင် ကြရန်မှာကြားလိုပါကြောင်း၊ မိမိဌာန၊ ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် သာယာဝပြောတိုးတက်ရေးအတွက် ရှေ့ရှုပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားနိုင်ကြရန် မှာကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဩဝါဒအမှာစကားပြောကြားရာတွင် ဦးစီးအရာရှိများအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ကြိုဆိုပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ရာထူးနှင့် လျော်ညီသည့် အရည်အသွေးပြည့်ဝနေစေရန် အမြဲကြိုးစား အားထုတ်နေရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ သည် မိမိတို့ဌာနကို တန်ဖိုးထားရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သည် အရေးကြီးသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အလုပ်ပေါ်တွင် ရိုးသားကြိုးစားကြရန်နှင့် နိုင်ငံတော်အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားကြရန် ပြောကြားပါသည်။
ယင်းနောက် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများမှ မိမိတို့၏ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။