ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” နှင့် “Bakery and Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း” အခမ်းအနားကို (၆-၃-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ စွယ်တော်ကုန်းကျေးရွာ၊ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ရွှေမြတ်သူ က တိုင်းရင်းသား စာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊ သက်ကြီးရွယ်အိုများ လူမှုရေး ပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မှော်ဘီခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်က ကျောင်းအမည် စာရင်းရေးသွင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင် စကားလုံးများဖြင့် ရေးသွင်းနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ပန်းခင်းစီမံချက်အမှတ်(၂)နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူစော က သမဝါယမအသင်း၏ ဥပဒေ၊ နည်းဥပဒေများ၊ အသင်းသားများ လိုက်နာရမည့်စည်းကမ်းများ၊ သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုလည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲဇော်ထွန်းက Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုတ်ကူးခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသူ (၆၀)ဦး တို့က စစ်တမ်းဖြေဆိုခဲ့ကြပါသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်ကြသူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။