လာချိဒ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် နိုင်ငံတစ်ဝှမ်းနှင့် ပြည်နယ်အတွင်းရှိ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာ အမွေအနှစ်ဖြစ်သည့် မုဒ်ဦး၊ ရိုးရာအိမ်တော်၊ မနောကွင်းဖွင့်ပွဲ အခမ်းအနားနှင့် ကျုံးဇွမ် မနောပွဲတော်ကို မတ်လ ၃ ရက် နံနက် ၀၉:၀၀ နာရီတွင် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာအတွင်းရှိ လာချိဒ် ရိုးရာယဉ်ကျေးမှုကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ တပ်မတော်အရာရှိကြီးများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ခဲ့ကြပြီး လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လာချိဒ်တိုင်းရင်းသားများက (ရှီးခွမ်မှီ) ကြိုဆိုသီးချင်းဖြင့် ရင်းရင်းနှီးနှီးဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုနှုတ်ဆက်ကြပါသည်။ အခမ်းအနားတွင် သိက္ခာတော်ရဆရာ မဒိန်ဇုန်းကျန်းက ဆုတောင်းဆက်ကပ်ပေးပြီး လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလဘောင်ဇုန်းဘောမ်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် မနောကွင်းအတွင်း ပင်မမနောတိုင်အလှူရှင် ဇောင်မှူးမန်ရှန်ဒိန့်ယိန်း၏ ကိုယ်စား ၎င်း၏ဇနီး ဆရာမဂလောင်ဇရှီခေါဝင်းက မနောကွင်းတည်ဆောက်ရခြင်းနှင့် ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝမ်းမြောက်စကားပြောကြားရာတွင် လာချိဒ်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု၊ စုပေါင်းကြိုးစားလုပ်ဆောင်မှုများကြောင့် ယခုလိုမင်္ဂလာရှိသည့် ရိုးရာယဉ်ကျေးမှုပွဲတော်အခမ်းအနား ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ လာချိဒ်တိုင်းရင်းသား မျိုးနွယ်များသည် ရှေးယခင်ပဝေဿဏီကတည်းကပင် မိသားစုကျန်းမာရေးကောင်းမွန် စေရန်၊ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကောင်းမွန်စေရန်၊ရည်ရွယ်၍ မနောပွဲတော်ကို ကျင်းပလာကြသည့်အစဉ်အလာကောင်းများရှိကြပါကြောင်း၊ အောင်မြင် မှုများ ရရှိလာသောအခါတွင် လည်းကောင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ အိမ်သူအိမ်သားများနှင့် မျိုးနွယ်စုများပြန်လည် ဆုံတွေ့သောအခါများနှင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များတွင် လည်းကောင်း မင်္ဂလာရက်ကောင်းရက်မြတ်ရွေးချယ်ပြီး မိသားစုအလိုက် မိမိတို့၏ဒေသနှင့် အိမ်ဝင်းအတွင်း မနောတိုင်များကိုစနစ်တကျဆောက်လုပ်ကာ ရိုးရာအစဉ်အလာအရ အနောအကကို ခေါင်းဆောင်သူ၏နောက်မှ လိုက်ပါကကြသူများသည် စည်းလုံးညီညွတ်စွာဖြင့် အတူတကွမနောအက ကခြင်းရိုးရာဓလေ့ကို လာချိဒ်ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပြီး မနောပွဲတော်များကို ခေတ်အဆက်ဆက် ကျင်းပလာခဲ့ကြရာ (၁၉၄၉) ခုနှစ်တွင် ချီဖွေမြို့၌ အောင်ပွဲခံမနောပွဲ ကိုကျင်းပပြုလုပ် ခဲ့ကြပါကြောင်း၊ (၁၉၆၂) ခုနှစ်တွင် ချီဖွေမြို့၊ တမူးခုံးဒေသ (အမက-မကောင်း) ကျောင်းဝင်း ဘော်လုံးကွင်း၌ ငြိမ်းချမ်းရေးမနောပွဲ ကိုလည်းကောင်း၊ (၁၉၈၅) ခုနှစ်တွင် ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာ၌ စုပေါင်းကောက်သစ်စားပွဲမနောပွဲနှင့် (၁၉၉၄)ခုနှစ်တွင် လာချိဒ်စာပေနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်မနောပွဲကိုလည်းကောင်း၊ (၂၉၉၈) ခုနှစ်၌ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ဂျန်ခမ်မနောပွဲကိုလည်းကောင်း အသီးသီးအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြသည်ကို သမိုင်းအစဉ်အလာကောင်းများအရ လေ့လာတွေ့ရှိရပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ်တွင် ပြည်နယ်နှင့်နိုင်ငံအဝန်း နေရာဒေသအသီးသီးရှိ လာချိဒ်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ လာရောက်တွေ့ဆုံ စုံစည်းကြပြီး ကောင်းကြီးမင်္ဂလာ ခံယူသော မနောအကဖြစ်သည့် ကျုံးဇွမ်မနောပွဲတော်ကြီးကို အောင်မြင်စွာပြုလုပ် နိုင်ကြသည့်အတွက် လာချိဒ်တစ်မျိုးသားလုံးနှင့် ထပ်တူဝမ်းမြောက်မိပါကြောင်းနှင့် နောင်နှစ်များတွင်လည်း ယခုထက်မက မိုမိုအောင်မြင်အောင် ဆထက်ထမ်းပိုး ကျင်းပ နိုင်ကြစေလိုပါကြောင်း၊ မနောပွဲတော်ကြီး၏ စည်းလုံးညီညွတ်မှုအင်အားမှသည် လူမျိုးနွယ်စုအကျိုး၊ ပြည်နယ်အကျိုး၊ တိုင်းပြည်၏အကျိုးများကို စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ကြစေလိုပါကြောင်း၊ မိမိတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ယခုထက်မက ပိုမိုတိုးမြင့်ဆောင်ရွက်ပြီး ကချင်ပြည်နယ်နှင့် ပြည်ထောင်စုကြီး၏တည်ငြိမ်အေးချမ်း သာယာရေး၊ ဖွံ့ဖြိုးရေးကို အစဉ်ထာဝရရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားရာတွင် ယခုကဲ့သို့ မနောပွဲတော်ကျင်းပပြုနိုင်ခြင်းအားဖြင့် လာချိဒ် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အခြားတိုင်းရင်းများက ပိုမိုသိရှိနားလည်လာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပိုမိုရရှိ စေသည့်အပြင် တိုင်းရင်းသားအချင်းချင်း မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မိမိတို့ဒေသ၊ မိမိတို့၏ ပြည်ထောင်စု၊ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ကျရာ အခန်းကဏ္ဍမှလက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီအတွက် ချီးမြှင့် ထောက်ပံ့ငွေ ကျပ်သိန်း (၂၀၀)ကိုလည်းကောင်း၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်က ထောက်ပံ့ငွေကျပ် (၅) သိန်းကိုလည်းကောင်း အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ရာ ကော်မတီဥက္ကဌ ဦးလဘောင်ဇုန်းဘောမ်က လက်ခံရယူခဲ့ပါသည်။ ယင်းနောက် ရိုးရာအိမ်တော်ရှေ့၌ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး မနောကွင်း ဖွင့်လှစ်ရန် သိက္ခာတော်ရဆရာ မဒိန်းဇုန်းကျန်းက ဆုတောင်းဆက်ကပ်ကောင်းကြီးပေးပြီး မနောကွင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုအောင်၊ ဦးဇခုန်တိန့်ယိန်း၊ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပင်မမနောတိုင်အလှူရှင် ဒူဝါမန်ရှန်ဒိန်ယိန်း၏ဒေါ်ဇရှီခေါဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လာချိဒ် လူငယ် မောင်မယ်များက မနောအဖွင့်သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်သည်တော်များက လာချိဒ်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ လာရောက်တွေ့ဆုံ ဆုံဆည်းကြကာ ကောင်းကြီး မင်္ဂလာခံယူသော မနောအကဖြစ်သည့် ကျုံးဇွမ်မနောအက အဖွင့်မနောအကကို မနောအက ဦးဆောင်သူများနှင့်အတူ ရိုးရာနှင့်အညီ မနောကွင်းအတွင်း လာချိဒ်တိုင်းရင်းသားများ၊ ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသား အားလုံးနှင့်အတူ အတူတကွ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရိုးရာမနောကွင်းနှင့် လာချိဒ် တိုင်းရင်းသားတို့၏ သမိုင်းမှတ်တမ်းများနှင့် ရိုးရာအသုံးအဆောင်ပြခန်းအတွင်း ခင်းကျင်း ပြသထားသည့် လာချိဒ်တိုင်းရင်းသားတို့ ဆင်းသက်လာမှုများ၊ ဘဝနေထိုင်မှုဓလေ့ထုံးစံများ၊ လာချိဒ်စာပေများ၊ ရိုးရာအဝတ်အထည်များ ရက်လုပ်မှုနှင့် ဝတ်စားဆင်ယင်မှုများ၊ အသုံးအဆောင်ပစ္စည်းများ၊ လာချိဒ်တိုင်းရင်းသားဦးဆောင်သူ ဘိုးဘွားများ၏ မှတ်တမ်း များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာမနောပွဲတော်ကို မတ်လ ၂ ရက်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ကြပြီး ညပိုင်းတွင် လာချိဒ်တိုင်းရင်းသား အဆိုတော်များ၏ တေးသီးချင်း သီဆိုမှုများ၊ လနတ်သမီးအလှပြိုင်ပွဲများ၊ ဈေးဆိုင်ခန်းများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အပိတ်မနောအကကို ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။