စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်တို့ လိုက်ပါလျက် ၁၉-၂-၂၀၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံရှိကြရာ တိုင်းရင်းသားများအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများရှိကြပါကြောင်း၊ အဆိုပါယဉ်ကျေးမှုများကိုသိရှိပြီး တိုင်းရင်းသားများအားကိုယ်ချင်းစာတရား၊ ပြည်ထောင်စု စိတ်ဓာတ်တို့နှင့်အညီ နားလည်မှုရှိစွာကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများနှင့်ပတ်သက်၍ ပိုမိုသိရှိထားရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်ဒေသရှိတိုင်းရင်းသားများ၊ ကွယ်ပျောက်လုနီးပါး ဖြစ်နေသောတိုင်းရင်းသားများကိုလည်း ပိုမိုသိရှိကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းများပီပီ ပါတီနိုင်ငံရေးကင်းရှင်းရမည့်အပြင် နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်းစည်းကမ်းများနှင့်အညီလိုက်နာရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကိုသိရှိပြီးကျင့်ကြံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဝန်ထမ်းများဖြစ်သည်နှင့်အညီ လူမှု ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်မှုရှိသူများဖြစ်ရန်လည်းလိုပါကြောင်း၊ မိမိထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုသိရှိပြီး ကျွမ်းကျင်စွာဆောင်ရွက်တတ်ရန်လိုပါကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင်လည်း စိတ်ဓါတ်ကောင်းမွန်ရန်၊ စည်းကမ်းရှိရန်၊ စည်းရုံးတတ်ရန်နှင့် စည်းလုံးညီညွတ်မှုရှိကြရန်လိုအပ်ပါကြောင်း၊ စည်းရုံးရေးမှူးကောင်းများဖြစ်အောင်လည်း ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ရုံးဝင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် လျှပ်စစ်မီးနှင့်ရေသုံးစွဲမှုတို့တွင် စနစ်တကျရှိရန်နှင့်ချွေတာသုံးစွဲရန်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကိုသိရှိ နားလည်ပြီး မိမိကျရာကဏ္ဍအလိုက်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ကြိုးစား ဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက် များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် ကျန်းမာရေး တို့ကိုလည်းအထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက်စစ်ကိုင်းတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဦးစီးဌာန(၂)ခုမှတာဝန်ခံအရာထမ်းများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အခက်အခဲများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှုချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် ဖွံ့ဖြိုးမှုထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။