တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၁၇
နေပြည်တော် 2023-02-17
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရုံးအမှတ် (၁၄) ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ  စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံရှိသည့် နိုင်ငံတစ်ခုဖြစ်သည်ကို အားလုံးသိရှိ ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသည့်တိုင်းပြည် ဖြစ်သောကြောင့် ကျင်းပပြုလုပ်သောပွဲတော်များသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုမှတဆင့် မြစ်ဖျားခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ နှင်းရည်စိုရွှဲ တပို့တွဲလသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် တစ်ဆယ်တစ်လမြောက်ဖြစ်သော ကုံရာသီကာလဖြစ်ပါကြောင်း၊ ထန်းပင်မှ ထန်းပို့များ တွဲကျနေသောလဖြစ်၍ “ထန်းပို့တွဲ” မှ “တပို့တွဲ” ဟု ရွေ့လျားလာခြင်း ဖြစ်ပါကြောင်း၊ တပို့တွဲလနှင့်အတူ ယှဉ်တွဲကျင်းပသည့်ပွဲတော်သည် ထမနဲထိုးပွဲဖြစ်ပါကြောင်း၊ ထမနဲသည် ကောက်ညှင်း၊ အုန်းသီး၊ နှမ်းဆီ၊ နှမ်း၊ မြေပဲ၊ ချင်း(ဂျင်း)တို့ကို စီမံပြုလုပ်ရပြီး စုပေါင်း၍ ပူးပေါင်းဆောင်ရွက်မှုကြောင့်ရရှိလာသော မြန်မာအစားအစာ တစ်မျိုးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနအလိုက် ပြိုင်ပွဲဝင်ကြမည့်သူများအနေဖြင့် ထမနဲတွင် ပါဝင်မည့်ပစ္စည်းများ၏ အချိုးအစားကိုက်ညီမှု ၊ ချိန်သားကိုက် လှုပ်ရှားဆောင်ရွက်တတ်မှု၊ စည်းစည်းလုံးလုံးဆောင်ရွက်တတ်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု၊ စည်းကမ်းတကျရှိမှုတို့ကို ပြသသွားကြရန် အထူးတိုက်တွန်းပြောကြားလိုပါကြောင်း၊ ထမနဲထိုးပြိုင်ပွဲမှတဆင့် မိမိတို့၏ ဦးစီးဌာနကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ မိမိတို့၏ဝန်ကြီးဌာနကို ချစ်မြတ်နိုးဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တိုးတက်ဖြစ်ပေါ် လာအောင်မွေးမြူကြရန် တိုက်တွန်းလိုပါကြောင်း၊ ရှေးမြန်မာမင်းများလက်ထက်က ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာ နေထိုင်ခဲ့ကြသည့်နှင့်အညီ မြန်မာ့ရိုးရာ ပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာလည်း လက်ခံလိုက်နာကျင့်သုံးသောသူများ မရှိတော့လျှင် ရေများ၏သဘောသဘာဝအတိုင်း မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသကဲ့သို့ မိမိယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်မည့်သူမရှိခဲ့လျှင် ထိန်းသိမ်းစောင့်ရှောက်မည့်နိုင်ငံ၊ တိုင်းပြည်များသို့ ကူးပြောင်း စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း  (Globalization) ကမ္ဘာလုံးဆိုင်ရာ ကူးလူးဆက်နွယ်မှုအရ ယဉ်ကျေးမှုများ ရောယှက်လာ သည်ကို သတင်းအချက်အလက် မီဒီယာများတွင် တွေ့ရှိလေ့လာနိုင်မည်ဖြစ်သည့်အပြင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဆက်လက်ထိန်းသိမ်းသွားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင်  လူမှုရေးဦးတည်ချက် (၄)ရပ်၏ ဒုတိယအချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာတည်နေသရွေ့ မြန်မာ့ ဓလေ့ထုံးစံများ ပျောက်ပျက်မသွားစေဘဲ အရှည်တည်တံ့၍ နောင်လာနောက်သားများ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် ဓလေ့ထုံးတမ်းများကိုချစ်မြတ်နိုး၍ အစဉ်တန်ဖိုးထား ထိန်းသိမ်းပြီး မိမိတို့ဌာန ကိုယ်စားပြုယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် တရားသောယှဉ်ပြိုင် ခြင်းဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းပြောကြား ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မင်္ဂလာမောင်းတီးခတ်ပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုး ယှဉ်ပြိုင်မည့်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးပါသည်။

ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စုစုပေါင်း အသင်း (၃) သင်း ပါဝင်ယှဉ်ပြိုင်ကြရာ တတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံး အသင်းအား အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်ကလည်းကောင်း၊ ဒုတိယဆု ရရှိသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အသင်းအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လည်းကောင်း၊ ပထမဆုရရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများက တေးသီချင်းဖြင့် ဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ဆုရရှိသော ထမနဲများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ပြိုင်ပွဲဝင်အဖွဲ့များသည် စည်းလုံးညီညွှတ်မှု အားကောင်းကောင်းဖြင့် တက်ကြွစွာပါဝင်ယှဉ်ပြိုင် ကြကာ ဝန်ထမ်းများကလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားပေးခဲ့ကြကြောင်းသိရှိရသည်။

Image
Image
Image
Image
Image
Image
Image
Image
Image