တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၇) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ရန် ပေါ်ပေါက်လာသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန သည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်အောင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားခွင့်ရရှိပြီးဖြစ်သည့် တိုင်းရင်းသားမျိုးနွယ်စု (၉)စုတို့၏ (Teaching Assitant – TA) နှင့် (Language Teacher – LT) တို့ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ (Teaching Assitant – TA) စုစုပေါင်း (၁၇၁၂)ဦး၊ (Language Teacher – LT) (၄၀) ဦးတို့အား ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ (TA/LT) ဆရာ/ဆရာမများအနက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို အမြဲတမ်းဝန်ထမ်း(Permant) အဖြစ်ခန့်ထားနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့တိုင်းရင်းသားအရေး ကိစ္စရပ်များဆောင်ရွက်ရာတွင် ပါတီနိုင်ငံရေးကိစ္စရပ်များ၊ ဘာသာစွဲနှင့် ပုဂ္ဂိုလ်စွဲ မထားကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်များဆောင်ရွက်ရာတွင် နိုင်ငံတော်မှထုတ်ပြန် ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်း၊ ဓနု၊ ပအိုဝ်း၊ တောင်ရိုး၊ အင်းသား၊ ကိုးကန့်၊ လီဆူ၊ ထနော့နှင့် ကချင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ တာဝန်ရှိသူများက အထွေထွေဆွေးနွေးတင်ပြကြပါသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသား စာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်တို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့များအား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်တို့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သို့သွားရောက်ခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် တည်ဆောက်နေသည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေး ပညာသင်တန်းစင်တာ အဆောက်အအုံ တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပထမဦးစွာ မြေညီထပ်ရှင်းလင်းဆောင် တွင် အဆောက်အအုံကို တာဝန်ယူတည်ဆောက်နေသည့် မိုးယံဝင့်ချီ ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး အတည်ပြုချက်ကို လက်ခံဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အချိန်မီ ပြီးစီးအောင် တည်ဆောက်သွားရန်၊ အရည်အသွေးပြည့်မီအောင်တည်ဆောက်ရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်တို့သည် အဆောက်အအုံတည်ဆောက်နေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။