တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေး ဂေဟာနှင့် သက်စမ်းရေပရဟိတဂေဟာသို့ သွားရောက်ခဲ့ပြီး ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကာ ပရဟိတဂေဟာများတွင် ပညာသင်ကြားလျက်ရှိသော တိုင်းရင်းသားလူငယ် မောင်မယ်များအား အားပေးလမ်းညွှန် စကား ပြောကြားခဲ့ပါသည်။
နံနက် (၉၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ရှိ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ခဲ့ပါသည်။
ပထမဦးစွာ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလေးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကျောင်းသား/ကျောင်းသူ လူငယ်များအား အားပေးလမ်းညွှန်စကားပြောကြားရာတွင် covid-19 ရောဂါသည် လုံးဝကွယ်ပျောက်သွားခြင်းမရှိသေးသည့်အတွက် အထူးဂရုပြုရန် လိုအပ်ပါကြောင်း၊ ပရဟိတကျောင်းများနေဖြင့် သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားရှိရန် လိုအပ်ပါ ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပါကြောင်း၊ လူမျိုးရေးနှင့် ဘာသာရေးမခွဲခြားရန် လိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်တတ်ရန် အလွန် အရေးကြီးပါကြောင်း၊ ကလေးသူငယ်များအနေဖြင့် မိမိကိုယ်ကို အားငယ်စိတ်မထား ကြရန်နှင့် ပညာကိုကြိုးစားရှာဖွေကြရန် မှာကြားလိုပါကြောင်း၊ ဘုရားတရားမမေ့ရန်လည်း အရေးကြီးပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့် ကလေးများဖြစ်သည့်အတွက် အခြားသူများကို အလင်းပေးနိုင်သူဖြစ်အောင် ရည်မှန်းချက် ထားရှိရမည်ဖြစ်ပါကြောင်း၊ သစ်ပင်ငယ်များပြုစုပျိုးထောင်ရာတွင် ငယ်စဉ်ကပင် ဖြောင့်တန်းနေရန်အတွက် ပြုပြင်ပေးရသကဲ့သို့ ကလေးငယ်များပြုစု ပျိုးထောင်ရာ တွင်လည်း ငယ်စဉ်ကပင် ကောင်းမွန်စွာ ဆုံးမသွန်သင်ရမည်ဖြစ်ပါကြောင်း၊ ငယ်စဉ် ကတည်းကပင် အကျင့်စာရိတ္တကောင်းမွန်အောင် နေထိုင်ရမည်ဖြစ်ပြီး စည်းကမ်း ကောင်းအောင်ပြုမှုနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိဘ၊ ဆရာများ၏ ကျေးဇူးကို သိတတ် ရမည်ဖြစ်ပြီး မိမိလူမျိုး၊ မိမိတိုင်းပြည်အတွက် အကျိုးပြုကြရမည်ဖြစ်ကြောင်း အားပေး လမ်းညွှန်စကား ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာသို့ ဆန်(၁၀)အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလေးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ပရဟိတဂေဟာအတွင်း တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာမများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ မြို့ပတ်လမ်းရှိ သက်စမ်းရေပရဟိတဂေဟာသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကဖြင့် ကြိုဆိုခဲ့ကြပါသည်။
၎င်းနောက် အဆိုပါ ပရဟိတဂေဟာခန်းမတွင် ကျောင်းသူကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပထမဦးစွာ ဆရာတော် ဦးမိုးဇက်က အဖွင့်ဆုတောင်းပေးခဲ့ပြီး သိက္ခာတော်ရဆရာတော် ဦးကျော်ကျော်က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူလူငယ်များအား အားပေးလမ်းညွှန်စကားပြောကြားရာတွင် ပထမဦးစွာ ကျေးဇူးတော်ကို ချီးမွမ်းတတ် ရမည်ဖြစ်ပါကြောင်း၊ ဘရားသခင်၏ကျေးဇူးတော်ကြောင့် ဤနေရာရှိ သား/သမီး၊ ကျောင်းသား/ကျောင်းသူများ ပညာကို အေးချမ်းစွာသင်ယူနေကြရခြင်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ပညာကို ကြိုးစားသင်ယူကြပြီး မိမိဘဝကို မိမိကိုယ်တိုင်ကြိုးစား တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ အနာဂတ်ရည်မှန်းချက်များထားရှိပြီး ရှင်သန်နေထိုင် ကြရန် အရေးကြီးပါကြောင်း၊ လုပ်ဆောင်သည့်အရာတိုင်းကို စေတနာထားပြီး လုပ်ဆောင် ကြရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးသည် လည်းအရေးကြီးပါကြောင်း၊ မျှမျှတတနှင့် သဘောထားကြီးသူများ၊ ကိုယ်ချင်းစာစိတ်ရှိသူများဖြစ်လာစေရန် အစဉ်တစိုက် မိမိကိုယ်ကို ပြုပြင်နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရန်လည်း အလွန်အရေးကြီး ပါကြောင်း၊ စည်းကမ်း ကောင်းမွန်ရန်နှင့် မိဘ၊ ဆရာသမားများ၏ ကျေးဇူးကို သိတတ် ရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ကိုချစ်မြတ်နိုးစိတ်၊ မိမိတို့တိုင်းပြည်တိုးတက်စေလိုသော စိတ်ဖြင့် အစဉ်ရှင်သန်နေရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးကျော် စုစည်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ကို အစဉ်အမြဲ မှတ်သားထားရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဘုရားရှင်ကြွလာသည့်အချိန်တွင် ကောင်းကင်သမန်များမှ “မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အားမေတ္တာ ကရုဏာရှိစေသတည်း” “Peace on Earth and Goodwill towards man” ဟု ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးကို ရရှိစေရန် အားလုံးဝိုင်းဝန်လုပ်ဆောင် ကြရမည်ဖြစ် ပါကြောင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု မရှိစေရန် လွန်စွာအရေးကြီး မှာကြားလိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို ကြိုးစား သင်ယူကြရန်နှင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နှင့် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ ကြိုးစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက သက်စမ်းရေပရဟိတဂေဟာသို့ ဆန်(၁၀) အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ သိက္ခာတော်ရဆရာတော် ဦးကျော်ကျော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလက်မှတ်ကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရ ဆရာတော် ဦးမိုးဇက်က ဆုတောင်းခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရရှိပါသည်။