(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ် ဘာသာစကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည်။
ပထမဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂) ရပ်ချမှတ်ပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများသာမက တန်ဖိုးမြှင့်လူ့စွမ်းအားအရင်းအမြစ်ပေါ်ထွန်းလာရန်အတွက် ပညာရေးကဏ္ဍမြှင့်တင်ရေးကိုပါ အလေးထားဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးများ၏လူ့စွမ်းအား အရင်းအမြစ်တိုးတက်ရေးနှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးထောက်ပံ့မှုရန်ပုံငွေဖြင့် သင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ကျောက်မျက်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသား ရိုးရာအစားအစာချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းမှုသင်တန်း၊ အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှုအခြေခံသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရေခဲမုန့်သင်တန်း၊ အဖျော်ယမကာ သင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပူးပေါင်းဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်းမြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားသည် မြန်မာစာဖြစ်သည့်အတွက် ပြောဆိုသုံးနှုန်း ရေးသားရာတွင် သဒ္ဒါအထားအသိုမှန်ကန်စွာနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် လိုအပ်သလို အခြားကမ္ဘာ့သုံးဘာသာစကားများဖြစ်သည့် အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ်စသည့် ဘာသာစကားများကိုပါ တတ်ကျွမ်းနားလည်ပါက အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိစေမည်ဖြစ်ပြီး နိုင်ငံတကာပေါင်းသင်းဆက်ဆံရေးနှင့် ကမ္ဘာ့လူမှု နယ်ပယ်တွင် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ယခုဖွင့်လှစ်မည့်သင်တန်းမှာ သင်တန်းသား/သူများအနေဖြင့် သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာပြီး သင်တန်းမှပို့ချသည့် သင်ခန်းစာများကို အပတ်တကုတ် သေချာကြိုးစားလေ့လာသင်ယူကြရန်နှင့် စဉ်ဆက်မပြတ်သင်ယူမှသာ မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားမည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်လေ့လာ သင်ယူကြရန် မှာကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို တည်ဆောက်လျက်ရှိရာ မကြာမီ ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်၍ ရှမ်းပြည်နယ်အတွင်းသာမက အနီးပတ်ဝန်းကျင် ဒေသများတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံး အသက် မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်တော့မည်ကို သတင်းကောင်းပါးလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြား ရာတွင် မိမိတို့ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးပြည်နယ်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် ပြည်နယ်လည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်သည့် ရန်ပုံငွေများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေ ကျပ်သန်း (၂၇၀) ထောက်ပံ့ပေးခဲ့သည့်အပြင် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးများကို အခါအားလျော်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က သင်တန်းသား/သင်တန်းသူများအား သင်ရိုး ညွှန်းတမ်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ ငွေများကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် ဝန်ထမ်းသစ္စာအဓိဋ္ဌာန(၆)ချက်ကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ လောကဓံတရား (၈)ပါး၊ ဗြဟ္မစိုရ်တရား(၄)ပါးနှင့် သီလ(၅)ပါးတို့နှင့်အညီ ပြုမူနေထိုင်ကြရန်လိုပါကြောင်း၊ အသုံးစရိတ်သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ သုံးစွဲပြီး စာရင်းစစ်ဆေးခံနိုင်ရန် အတွက်လည်း ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း၊ စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၏ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရှိရပါသည်။