တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် အောက်တိုဘာလ (၉)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ Saint Peter Angelecan Church ဘုရား ကျောင်း၌ အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များ ကောင်စီများမှ ဆရာတော်များ၊ သင်းအုပ်ဆရာများတို့ကို ကိုဗစ်-၁၉ ရောကာကာကွယ်ရေးစည်းကမ်းများနှင့်အညီ မိသားစုသဖွယ် တွေ့ဆုံ မိဿဟာရပြု စကားပြောကြားခဲ့ပါသည်။
ပထမဦးစွာ အခမ်းအနားတွင် သိက္ခာတော်ရဆရာမကြီး ဒေါ်အိအိမိုးက အဖွင့် ဆုတောင်းပြီး Saint Peter Angelecan Church ဘုရားကျောင်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးကောက်ထန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကော်လော်သဲ ၃:၁၅ တွင် ဖော်ပြထားသော ကျေးဇူးတော်သိသော စိတ်ရှိကြလော့ဟုဆိုသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကာလဖြစ်သော်လည်း ယခုကဲ့သို့ မိသားစုအသွင် Social Distancing ဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတော်ချီးမွမ်း ရမည်ဖြစ်ပါကြောင်း၊ အရာခပ်သိမ်းသည် God’s Will ဘုရားသခင်အလိုတော်ရှိ၍ ဖြစ်လာပါ ကြောင်း၊ ယခင် ရန်ကုန်ခရစ်ယာန်အသင်းတော်များကောင်စီမှာ ဆရာတော်များနှင့် နှစ်ကြိမ် မိသားစုအသွင် တွေ့ဆုံပြီး တင်ပြရန်ရှိသည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပေးခဲ့ပါကြောင်း၊ ယခုအထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် အသင်းတော်များကောင်စီမှ ဆရာတော်များ၊ သင်းအုပ်ဆရာများ၊ အသင်းဂိုဏ်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုတင်ပြချက်များနှင့် ဆက်လက် တင်ပြရန်ရှိသည်များကိုလည်း ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်အတွက်လိုအပ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Unity, Peace and Development တို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရစ်တော်မွေးနေ့တော် နီးလာပြီဖြစ်၍ ရှင်လုကာ ၂:၁၄ တွင် ခရစ်တော်မွေးဖွားစဉ် ကောင်းကင်တမန်များမှ “Peace on Earth and Goodwill towards man” မြေကြီးပေါ်တွင် ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာ ကရုဏာရှိစေသတည်း”ဟု မြွက်ကြားသည့်အတိုင်း မေတ္တာ ကရုဏာ ထားခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်း ဖော်ဆောင်နိုင်ပါကြောင်း၊ ရှင်မသဲ ၅:၁၉ တွင် ဖော်ပြထားသော သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကိုငြိမ်းစေသောသူသည် ဘုရားသခင်သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရမည်ဟု ဖော်ပြ ထားပါသဖြင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ ရောမဩဝါဒ ၁၃:၁ တွင် အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကိုဝန်ခံစေဟု ဖော်ပြထားသဖြင့် တိုင်းသူ ပြည်သားအားလုံးအကျိုးကိုရှေးရှုပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဆာလံ ၁၃၃ တွင် ဖော်ပြထားသည့်အတိုင်း ညီအစ်ကိုတို့သည် သဘောတူညီလျက် ပေါင်းဖော်ကြသည့်အရာမှာ အလွန်ကောင်းပေ၏၊ အလွန်တင့်တယ်လှပပေ၏၊ ထိုသို့သောအရပ်ကို ဘုရားသည် ကောင်းချီးပေးတော်မူမည်ဟု ဆိုသည့်အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖော်ဆောင်ပြီး တိုင်းပြည်အေးချမ်း သာယာဖွံ့ဖြိုးအောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များကောင်စီများ၏အသင်းတော်များမှ ဆရာတော်များ၊ သင်းအုပ်ဆရာများတို့က မေးမြန်းဆွေးနွေးပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဆက်လက်တင်ပြရန်လိုအပ်သည့်ကိစ္စရပ်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းနောက် ပြင်ဦးလွင်မြို့ ခရစ်တော်၏အသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော် ယုံခက အပိတ်ဆုတောင်းပေးခဲ့ပြီး အခမ်းအနားကို (၁၆:၃၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။