နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဝန်ထမ်းများ နှုတ်ဆက်တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နှုတ်ဆက်အမှာစကားပြောကြားရာတွင် ယနေ့သည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်အား တာဝန်လွဲပြောင်းပေးအပ်သည့်နေ့ဖြစ်ပြီး မိမိအနေဖြင့်လည်း ဝန်ထမ်းများကို နှုတ်ဆက်သကဲ့သို့ ဝန်ထမ်းများကလည်း ပြည်ထောင်စုဝန်ကြီးအား ကြိုဆိုရမည်ဖြစ်ပါကြောင်း၊ အဓိကမှာကြားလိုသည်မှာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး ဥပဒေဘောင်နှင့်အညီ နေထိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားကြရန်မှာကြားလိုပါကြောင်း၊ ဝန်ထမ်းအချင်းချင်း သဟဇာတဖြစ်အောင် တန်းတူညီမျှ ဆက်ဆံဆောင်ရွက်ကြရန်နှင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သည်နှင့်အညီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အရေးကြီးသဖြင့် မိမိတို့ဝန်ထမ်းများက စံပြအနေဖြင့် စည်းလုံး ညီညွတ်ရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်သည့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရန် ဝန်ထမ်းများကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တက်ညီလက်ညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်ကို မမေ့ကြရန် မှာကြားလိုပါကြောင်း၊ စည်းလုံးညီညွတ်မှုသည် အရေးကြီးသည်ကို ထပ်မံပြောကြားလိုပါကြောင်း၊ ဝန်ထမ်းများသည် ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲ မထားကြရန်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ဦးထိပ်ပန်ဆင်ကြပြီး နိုင်ငံတော်၏တာဝန်များကို ဆတက်ထမ်းပိုး ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံရသည့် ဦးစောထွန်းအောင်မြင့်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် (၂)နှစ်တာကာလအတွင်းဝန်ထမ်းများ အပေါ် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စည်းရုံးခြင်းနှင့် လက်တွဲခေါ်ဆောင်သွားနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ပြီး ဌာနအတွက်ပုံရိပ်ကောင်း များစွာရှိခဲ့သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ တစ်ဆက်တည်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအသစ်အဖြစ် ရောက်ရှိတာဝန် ထမ်းဆောင်သည့် ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်အားလည်း ဝမ်းမြောက်စွာဖြင့် ကြိုဆိုနှုတ်ဆက်ပါကြောင်း၊ ဤဝန်ကြီးဌာနမှဝန်ထမ်းများသည် နိုင်ငံတော်မှချမှတ်ထားသည့် တို့တာဝန်အရေး(၃)ပါးနှင့်အညီ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။