ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့တို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ဆာကူရာ ပန်းပင်စိုက်ပျိုးပွဲသို့ တက်ရောက် ရန်ကုန် ဇန်နဝါရီလ (၂၅)
Image

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့နံနက် (၀၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဂျပန်-မြန်မာ ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့ရေးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံတွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ရေးမှ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ရေးအဖွဲ့ကိုယ်စား ဦးမိုးမင်းဦး (ခ)ဦးရွှေသွေးက လာရောက်တွေ့ဆုံရခြင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ဆာကူရာပန်းပင်စိုက်ပျိုးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး Mr. HATANO HiROSHI က ဆွေးနွေးပြောကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဆွေးနွေးပြောကြား ရာတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံသည် ယခင်ကတည်းက ကောင်းမွန်သောဆက်ဆံရေး ရှိခဲ့ပြီးဖြစ်၍ ဆက်လက်ပြီး ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစားသွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု နည်း ပါးနေသဖြင့် တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် မိမိကိုယ်တိုင်ဦးဆောင်ပြီး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့များနှင့် ထိုင်းနိုင်ငံသို့သွားရောက်ခဲ့ရာ ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိသည့် ကောင်းမွန်သောစနစ်ကိုမြင်တွေ့ခဲ့ရပါကြောင်း၊ မည်သည့်နိုင်ငံမဆို ငြိမ်းချမ်းရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ တိုင်းသူ ပြည်သားများ စည်းလုံးမှ ငြိမ်းချမ်းမည်၊ ငြိမ်းချမ်းမှ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသောတိုင်းရင်းသားများသည် အရောင်အသွေးမရှိ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးအတွက် ကြိုးစားဆောင်ရွက်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မြန်မာ-ဂျပန် ချစ်ကြည်ရေးဆိုသည်မှာလည်း မေတ္တာတရားပင်ဖြစ်ပါကြောင်း၊ ဆာကူရာပန်းပင်ကို မေတ္တာနှင့်စိုက်ပျိုးခြင်းဖြင့် မေတ္တာပွားများပြီး ငြိမ်းချမ်းကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ ကိုယ်စားလှယ် များက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ နန်းမြင့်မျှော်စင်အနီးတွင် ဆာကူရာ ပန်းပင်များစိုက်ပျိုးပေးကြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြ ပါသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ခန်းမအတွင်းတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများကို ကြည့်ရှုအားပေးခဲ့ရာ ပြည်ထောင်စုကြီးအတွင်း၌ တိုင်းရင်းသားလူမျိုးများသည် ညီအစ်ကိုမောင်နှမများသဖွယ် စည်းလုံးညီညွတ်ပြီး ချစ်ခင် ပျော်ရွှင်စွာနှင့် စုပေါင်းနေထိုင်ကြသည်ကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ကျူးထားသည့် “သွေးချင်းတို့ဌာနေ ပြည်မာပြည်” သီချင်းဖြင့် တိုင်းရင်းသား/တိုင်းရင်းသူများက ကပြဖျော်ဖြေပြီး ဒေါ်နန်းကျော့စံက မွန်ရိုးရာ မိကျောင်းတူရိယာဖြင့် တီးခတ်ဖျော်ဖြေ တင်ဆက်ကာ ကရင်ပြည်နယ်ကိုအလည်တစ်ခေါက်လာရောက်ကြဖို့ဖိတ်ခေါ်လျက် ကရင် တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်ခြင်းကို ဖော်ထုတ်ပြသသော ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ဧည့်သည်တော်များက ယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ဧည့်သည်တော်များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း ဆိပ်ခံဗောတံတားတည်ဆောက် ပြီးစီးမှုအခြေအနေများ၊ Pontoon ပြုပြင်တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image