တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထိုင်းနိုင်ငံ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးအား သွားရောက်တွေ့ဆုံ ဘန်ကောက် ဇန်နဝါရီလ ၂၄
Image

  မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖလှယ်ရန်၊ တိုင်းရင်းသားရေးရာမူဝါဒနှင့် အခွင့်အရေးဆိုင်ရာများအား လေ့လာရန်နှင့်မျှဝေရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်သော ကွန်ယက် တစ်ခုဖြစ်ပေါ်စေရန်၊ မဲခေါင်ဒေသအတွင်းရှိနိုင်ငံများအကြား အပြန်အလှန်နားလည်မှု တိုးတက် လာစေရန်ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) အထောက် အပံ့ဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ  တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်(ဒုတိယအကြိမ်)ဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ၊ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Chuti Krairiksh အား ဒေသစံတော်ချိန် မွန်းလွဲ ၃ : ၀၀ နာရီအချိန်၌ သွားရောက်တွေ့ဆုံပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့  တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေနှင့် သံမှူးကြီး ဦးမော်ဗလ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ထိုင်းနိုင်ငံလူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံစဉ် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ရှိရင်းစွဲဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်သွားရေးကိစ္စရပ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ ဖလှယ်ရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ အပြန်အလှန် အကျိုးကျေးဇူး ရရှိစေရေးအတွက် နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြု၍ သာယာဝပြောရေးကို တိုးမြှင့်နိုင်မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image