မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀)ဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (ဒုတိယအကြိမ်) သို့တက်ရောက်ရန်အတွက်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဦးဆောင်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊အမှုထမ်းတို့ လိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွါခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါသည်။
ယခုသွားရောက်မည့် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (ဒုတိယ အကြိမ်)သည် မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများဖလှယ်ကြရန်၊ တိုင်းရင်းသားရေးရာမူဝါဒနှင့် အခွင့်အရေးဆိုင်ရာများအား လေ့လာကြရန်နှင့် မျှဝေကြရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်သော ကွန်ယက်တစ်ခုဖြစ်ပေါ်လာစေရန်၊ မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများအကြား အပြန်အလှန်နားလည်မှုတိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ သွားရောက်ကြမည်ဖြစ်ပါသည်။
တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် ပထမအကြိမ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ လာအိုပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ကြောင်းလည်း သိရှိရပါသည်။