မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) အထောက်အပံ့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့မှ ဇန်နဝါရီလ (၂၄) ရက်နေ့အထိ ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့် သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့အား ဩဝါဒအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့ မွန်လွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ဩဝါဒအမှာစကားပြောကြားရာ၌ ယခုကဲ့သို့ နိုင်ငံခြားခရီးစဉ်များ သွားရောက်ရခြင်းမှာ မိမိတို့၏အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးသည့်ဆက်ဆံရေးရရှိစေရန်၊ မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖလှယ်ရန်၊ တိုင်းရင်းသားရေးရာမူဝါဒနှင့် အခွင့်အရေးဆိုင်ရာများအားလေ့လာရန်နှင့်မျှဝေရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်သော ကွန်ယက်တစ်ခုဖြစ်ပေါ်စေရန်၊ မဲခေါင်ဒေသအတွင်းရှိနိုင်ငံများအကြား အပြန်အလှန် နားလည်မှု တိုးတက်လာစေရန်နှင့် နိုင်ငံခြားအတွေ့အကြုံရရှိရန်ရည်ရွယ်၍ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား စေလွှတ်ရခြင်းဖြစ်ပါကြောင်း၊ ယခင် ဒုတိယဝန်ကြီး ဦးဆောင်သည့် (၂၇) ဦး ပါ ကိုယ်စားလှယ်အဖွဲ့ ပထမအကြိမ်ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့စေလွှတ်ခဲ့ပြီးဖြစ် ပါကြောင်း၊ ယခု ဒုတိယအကြိမ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ကိုယ်စားလှယ်များ အနေဖြင့် ခရီးစဉ်တစ်လျှောက် စနစ်တကျ၊ စည်းကမ်းရှိရှိ နေထိုင်သွားလာစေလိုပါကြောင်း၊ စည်းလုံးခြင်းသည်အင်အား ဆိုသည့်စကားအတိုင်း စည်းလုံးလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ပန်းတိုင်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ဖြစ်ပြီး နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ခရီးစဉ်နှင့်ပတ်သက်၍ မှာကြား ရာတွင် ယခုခရီးစဉ်သည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအရ သွားရောက်သည့် စီမံကိန်းဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မိမိနိုင်ငံ၊ မိမိဌာနကို ကိုယ်စားပြု သွားရောက်ခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်မှုများကို စနစ်တကျ မှတ်တမ်းပြုရန်နှင့် ထိုင်းနိုင်ငံ၏ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများကိုလည်း လေ့လာခဲ့ကြရန် လိုပါကြောင်း၊ ကိုယ်စားလှယ်အဖွဲ့များအနေနှင့် ညီအစ်ကို မောင်နှမစိတ်ထားကာ အချင်းချင်း မေတ္တာဖြင့် ဖေးမကူညီကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်အတွင်း ကျန်းမာရေး၊ စားသောက် နေထိုင်ရေး၊ လုံခြုံရေးတို့နှင့်ပတ်သက်၍ ဂရုစိုက်ရန်၊ မမေ့မလျော့ သတိရှိကြရန် လိုအပ် ပါကြောင်း မှာကြားပါသည်။
ထို့နောက် ခရီးစဉ်သို့လိုက်ပါကြမည့် ကိုယ်စားလှယ်အဖွဲ့မှ တစ်ဦးချင်း မိတ်ဆက်ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။
ဆက်လက်၍ အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀) ကို တက်ရောက်အောင်မြင်ခဲ့ကြသည့် ဦးစီးအရာရှိ (၂၅)ဦး တို့အား မိတ်ဆက်တွေ့ဆုံခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့သည်မှာ (၆) နှစ်ခန့်သာရှိပါကြောင်း၊ ဝန်ထမ်းအင်အားကို နှစ်စဉ် တိုးချဲ့ခေါ်ယူလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ (အေးသာယာ)တွင် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာစင်တာကို ဆောက်လုပ်လျက်ရှိပြီး ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တွင် ဆိပ်ခံဗောတံတား တည်ဆောက်လျက်ရှိပါကြောင်း၊ ဦးစီးအရာရှိများ အနေဖြင့် မိမိအရည်အသွေးကို အမြဲမပြတ် မြှင့်တင်ကြိုးစားရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ထုံး လုပ်နည်းများ၊ မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့် ညွှန်ကြားချက်များကိုလည်း သိရှိရန်လိုအပ်သကဲ့သို့ လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စေတနာထား ဆောင်ရွက်ရန်ကြလိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဦးစီးအရာရှိများအနေဖြင့် စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ကို နိုင်နင်းရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဘတ်ဂျက်ဆိုင်ရာညွှန်ကြားချက် ကိုလေ့လာထားစေလိုပါကြောင်း၊ ရုံးစာရေးသားနည်း၊ အစည်းအဝေးမှတ်တမ်းနှင့် မှတ်စု ရေးသားနည်းတို့ကိုလည်း ကျွမ်းကျင်ထားရှိရန် လိုအပ်ပါကြောင်း၊ နေ့စဉ်မှတ်တမ်းထားရှိ၍ တစ်နှစ်စာ အစီအစဉ်ရေးဆွဲပြီး ကြိုးစားပါက မိမိ၏ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည် ဖြစ်ပါကြောင်း၊ မိမိကိုယ်ကိုမိမိ Capacity Building တည်ဆောက်ပါက အောင်မြင်မှုရရှိပြီး ဌာန၏အခန်းကဏ္ဍလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့်အညီ မိမိတို့၏ဌာနတိုးတက်ရန် အမြဲမပြတ်ကြံစည်၍ အကောင်အထည်ဖော် ဆောင်ရွက်စေကြလိုပါကြောင်း ပြောကြားပါသည်။
၎င်းနောက် အသစ်ခန့်အပ်သည့် ဦးစီးအရာရှိများက တစ်ဦးချင်းမိတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။