တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း) သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ သင်တန်းသား၊ သင်တန်းသူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း) သင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးတို့အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် “Never too late to learn” ဆိုသည့်စကားအတိုင်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ လက်တွေ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏အောင်မြင်မှုကို အထောက်အကူပြုစေမည်ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အချင်းရှိရန်လိုအပ်ပြီး ကြိုးစားလျှင်ကြိုးစားသကဲ့သို့ အခွင့်အရေးရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ စည်းမျဉ်း စည်းကမ်းများ၊ အမိန့် ညွှန်ကြားချက်များကိုလည်း သိရှိရန်လိုအပ်သကဲ့သို့ လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စေတနာထား ဆောင်ရွက်ရန်ကြလိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကျင်းပခဲ့ပြီးဖြစ်ရာ (၇၅)နှစ်မှသည် နှစ် ရာ၊ ထောင်မက ကမ္ဘာတည် သရွေ့ နိုင်ငံတော်ကြီးဝင့်ကြွားစွာ ထာဝရတည်တံ့နေရန် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal)ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားလုံးဝိုင်းဝန်း ကြိုးစား လုပ်ဆောင်သွားကြစေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး (Capacity Building) အတွက် ဆရာကိုဗဟိုပြု သော သင်ကြားမှုစနစ်ကိုမကျင့်သုံးဘဲ သင်ယူသူဗဟိုပြုသော သင်ကြားမှုစနစ်ဖြင့် ဆရာနှင့် သင်တန်းသားများ အပြန်အလှန်ဆွေးနွေး သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့်လည်း မိမိတို့၏ အတွေးအခေါ် အယူအဆများကို ဆွေးနွေးခွင့်ရရှိခဲ့ ကြပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ ထက်မြက်မှုရှိခြင်းတို့ရရှိစေရန် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိ၏မိသားစု၊ လုပ်ငန်းခွင်မှသည် နိုင်ငံတော်ကြီးငြိမ်းချမ်းသာယာရေးအတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီကြရမည်ဖြစ်ပါကြောင်း၊ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလ ငါးတန်နှင့်ပြည့်စုံအောင် တည်ဆောက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းဆင်းလက်မှတ်များ ကို ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား (၁) ဦးနှင့် သင်တန်းသူ (၂) ဦးတို့က လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၂) ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ (၁)လ ကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။