တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီ(၅)ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား ရေးရာဝန်ကြီးများအနေဖြင့် မိမိတို့၏အဓိက လုပ်ငန်းတာဝန်များအပြင် မြန်မာ့ပထဝီနိုင်ငံရေး နှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးအကြောင်းတို့ကို ဆက်စပ်လေ့လာသိရှိထားရန် အရေးကြီးပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုရရှိရေးနှင့် ငြိမ်းချမ်းရေး အတွက် မိမိတို့ဝန်ကြီးဌာနတွင်လည်း တာဝန်ရှိပါကြောင်း၊ တိုင်းရင်းသား စာပေသင်ကြားရေး ကိစ္စ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးကြရန်ဖြစ်ပါ ကြောင်း၊ မအားလပ်သည့်ကြားမှ မျက်မှောက် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးရန် တက်ရောက်ပေးပါသော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က International Affairs Update News ခေါင်းစဉ်ဖြင့် မျက်မှောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကိုလည်းကောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော စကား နှင့်အညီ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများက မိမိတို့ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးပြောကြားရာတွင် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဟောပြော ချက်နှင့် ယခုဆွေးနွေးချက်များသည် တိုင်းရင်းသားရေးရာဝန်ကြီးများအတွက် အကျိုးသက် ရောက်မှုရှိမည်ဟုမျှော်လင့်ပါကြောင်း၊ ဆွေးနွေးချက်များအပေါ် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့ အစည်းများနှင့်ပတ်သက်သူများကို လေ့လာစုံစမ်းပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များနှင့် ပူးပေါင်းတားဆီးရန်၊ Teaching Assistance (TA)နှင့် Language Teacher (LT)ဆရာ/ ဆရာမများခန့်ထားမှုနှင့်ပတ်သက်၍ SOP (Standard Operating Procedure) စံသတ်မှတ် ချက်လုပ်ထုံး/နည်းများ အသစ်ရေးဆွဲရန် စသည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါကြောင်း၊ ယခုကျင်းပသည့် တွေ့ဆုံပွဲသို့ တက်ရောက်၍ ဆွေးနွေးခဲ့ကြသည့် တိုင်းဒေသကြီး/ ပြည်နယ် များမှ တိုင်းရင်းသားရေးရာဝန်ကြီးများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် မြန်မာ့ပထဝီနိုင်ငံရေးနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးအကြောင်းတို့ကို ဆက်စပ် လေ့လာသိရှိထားရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၏ တင်ပြချက်များ အရ တိုင်းရင်းသားဆရာ၊ ဆရာမများသည် ပညာရေးကဏ္ဍ၌ တာဝန်ကျေပွန်စွာ လုပ်ဆောင်ကြကြောင်း သိရှိရ၍ ဝမ်းသာရပါကြောင်း၊ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့လာရောက်၍ အင်တိုက်အားတိုက်ပါဝင်ခဲ့ကြသဖြင့် နှစ်ထောင်းအားရ ဖြစ်မိ သကဲ့သို့ မအားလပ်သည့်ကြားမှပင် တက်ရောက်ဆွေးနွေးပေးခဲ့ကြသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ စုပေါင်းညီညာခြင်းဖြင့် အရွေ့တစ်ခုသို့ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း အင်အားသည် ပြည်တွင်းမှာသာရှိပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ “ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ရှေ့သို့လုပ်ဆောင်ကြစို့” Keep Moving Forward to Achieve Our Goal ဆိုသည့်အတိုင်း အလုပ်ကို ရှေ့တိုးလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။