(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ချီးမြှင့်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က သီရိပျံချီဘွဲ့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်းကောင်း လက်ခံရယူခဲ့ကြပါသည်။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ အသက်ခန္ဓာနှင့်သွေးချွေးများကိုပေးဆပ်ပြီး ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ တွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာအဆင့်မီအောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင် သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ဂုဏ်ပြုချီးမြှင့် အပ်နှင်းခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၇၄၄) ဦး အနက် အခမ်းအနားပထမနေ့တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ရရှိသူ(၃)ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ရရှိသူ (၁)ဦး၊ အဂ္ဂမဟာသရေစည်သူဘွဲ့ရရှိသူ (၄)ဦး၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိသူ (၂)ဦး၊ မဟာသရေစည်သူဘွဲ့ရရှိသူ (၆)ဦး၊ သရေစည်သူဘွဲ့ရရှိသူ (၁၁)ဦး၊ စည်သူဘွဲ့ရရှိသူ (၇၈)ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁) ဦး၊ သူရဘွဲ့ရရှိသူ(၄)ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၅၀)ဦး၊ ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိသူ (သံအမတ်ကြီးများ) (၂၈)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (အကြံပေးပုဂ္ဂိုလ်) (၈)ဦး၊ စုစုပေါင်း (၂၀၆)ဦးတို့ကိုလည်းကောင်း၊ အခမ်းအနားဒုတိယနေ့ နံနက်ပိုင်းတွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ (၁၆၈) ဦးနှင့် ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိသူ (၂၁) ဦးတို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (၁၃၂) ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၁၈) ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ (၅) ဦး တို့ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရသည်။
ယခင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်အား သီရိပျံချီဘွဲ့ကိုလည်းကောင်း၊ ယခင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးအား ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်းကောင်း ချီးမြှင့် အပ်နှင်းခဲ့ကြောင်းလည်း သိရှိရ ပါသည်။