ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်ရှိ ယုဒဿန်ဘုရားကျောင်းရိပ်သာ၌ ကမာရွတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြသူများကို အားပေးစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဦးတည်ချက်ထားကာ အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ပြောကြားချက်အတိုင်း လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိပါကြောင်း၊ လူတန်းစေ့အခမဲ့ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင် တွင် ကာကွယ်ဆေးမထိုးရသေးသူများရှိပါကလည်း လာရောက်ထိုးနှံကြရန် တိုက်တွန်းစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အားပေးစကားပြောကြားရာတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူများသည် ကာကွယ်ဆေးမထိုးရသေးသူများထက် ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက ပိုမိုခံနိုင်ရည်ရှိပါကြောင်း၊ ကာကွယ်ဆေးမထိုးထားမှုကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရချိန်တွင် သေဆုံးခဲ့မှုဖြစ်စဉ်များရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လိုက်နာရမည့် စည်းကမ်းချက်များကို အလေးထားလိုက်နာကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှု အားပေးကြပါသည်။