တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ အရောင် အသွေးကင်းပြီး မိမိတို့လူမျိုးအဓွန့်ရှည်တည်တံ့စေရန် အကျိုးဆောင်ပေးရသည့်အဖွဲ့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်” နိုင်ငံသား စိစစ်ရေးကတ်နှင့်အိမ်ထောင်စုဇယားပြုလုပ်ခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ် ခေါင်းဆောင်များဖြစ်ကြသည့်အတွက် ပညာရေးကို ဦးစားပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာရည်မြှင့်မားမှ လူမှုဘဝတိုးတက်မြင့်မားမည်ဖြစ်ပါကြောင်း တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ ထိုအခမ်းအနားကို ယနေ့နံနက် (၁၁:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို ဆောင်ရွက် ရသည့်ဌာနဖြစ်သည့်အတွက် လုပ်ငန်းများလျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တိုင်းရင်းသား များ၏အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မိမိတို့ ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (Teaching Assitant – TA နှင့် Language Teacher – LT) များပိုမိုခန့်ထားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည် ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးသည် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းများကိုပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်ထောင်စုမပြိုကွဲရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မိမိတို့၏အခွင့်အရေးများ နစ်နာဆုံးဆုံးမှုမရှိစေရေးအတွက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ပါကြောင်း၊ ထိုဥပဒေ၊ နည်းဥပဒေများကို ကောင်းမွန်စွာသိရှိနိုင်ရေးလေ့လာကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ နေ့ထူး နေ့မြတ်အခမ်းအနားများ၊ ဆွေးနွေးပွဲများကို မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် အချိန်မရွေး လွတ်လပ်စွာ လာရောက်ကျင်းပ နိုင်ပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး အေးချမ်းစွာအတူတကွနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည် အေးချမ်းအောင်နှင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားတိုးတက်ရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအား တိုင်းရင်းသားအရေးကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ကာ တွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။