ကရင်နှစ်သစ် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကျင်းပ ရန်ကုန် ဒီဇင်ဘာလ (၂၂)
Image

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကျရောက်သည့် ၂၇၆၂ ခုနှစ်၊ ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နံနက် (၆:၀၀) အချိန်တွင် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင် အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဖားစည်တီး၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်အမျိုးသားအလံတော်ကို လွှင့်ထူပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတော်ကို အလေးပြုကြကာ ကရင် အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

နံနက် (၀၈:၃၀) နာရီတွင် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ အတွင်းတွင် ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။

ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့က ဖားစည် (၉)ချက်တီးကာ ကရင်လူငယ် (၉)ဦးက ကျွဲဂျိုမှုတ်ပြီး ပဲခူးရိုးမတောင်ပေါ်ကရင်ရိုးရာအိုးစည်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ ပါသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီရယ်က ကရင်အမျိုးသားနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၄ခု ပြသိုလဆန်း (၁)ရက်နေ့၊ ကရင်နှစ် ၂၇၆၂ ခုနှစ်သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပင်ပါကြောင်း၊ သမိုင်းကြောင်းများအရ ကရင်တိုင်းရင်းသားတို့၏ ပင်ကိုသဘောသည် ရိုးသား၍ မာန်မာနကင်းစင်ပြီး အမြဲ အပြုံးကိုယ်စီဆောင်လျက်ရှိသော တိုင်းရင်းသားများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားမျိုးနွယ်စုများသည် နေရာဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကား ကွဲပြားခြားနားကြသော်လည်း အနှစ်သာရ အားဖြင့် တစ်သွေးတစ်သားတည်းသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဖြစ်ကြ ပါကြောင်း၊  ကရင်တိုင်းရင်းသားများ၏ ဖြစ်တည်မှုသမိုင်းကြောင်း ရှည်လျားမှုနှင့်အညီ ဓလေ့ထုံးတမ်းများနှင့်ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ကောင်းများ ပိုင်ဆိုင်ထားကြသည်ကို တွေ့ရှိရပါကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များအနေဖြင့် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲဦ သဲပုံစေတီပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲများ ရှိကြပြီး ကရင်ဒုံးယိမ်းအကသည်လည်း ကရင်တိုင်းရင်းသားတို့၏စည်းလုံးညီညွတ်မှုကို ဖော်ညွှန်း လျက် မြူးကြွ၍လူကြိုက်များသည့် ယဉ်ကျေးမှုအကဖြစ်သည်ကို တွေ့မြင်ရပါကြောင်း၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို မြန်မာနိုင်ငံတဝန်း ဘာသာအယူဝါဒမခြားဘဲ စည်းလုံးညီညွတ်စွာကျင်းပကြသည်ကို သိရှိရပါကြောင်း၊ မိမိတို့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို နောင်လာနောက်သားများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် ကရင် ဘိုးဘွားမိဘများက မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့သည့် ၁၉၃၇ ခုနှစ်တွင် ကရင်နှစ်သစ်ကူးနေ့အသိအမှတ်ပြုခြင်းဥပဒေတစ်ရပ်ကို ညီနောင်တိုင်းရင်းသားများနှင့်အတူ ကြိုးပမ်းပြီး ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယနေ့တွင် နှစ်ပေါင်း (၈၅)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားအရေးကိစ္စများကို ဦးတည်ချက် (၉)ရပ်ပါ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့်အတိုင်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင် နှစ်သစ်ကူးပွဲတော်အခမ်းအနားကဲ့သို့ ကျန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနေဖြင့်လည်း မိမိတို့ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြစေလိုပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ဥမကွဲ၊ သိုက်မပျက် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ကျရာအခန်းကဏ္ဍာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်အမျိုးသားနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် မိမိတို့ ကရင်တိုင်းရင်းသားမျိုးနွယ်စု (၁၁)စုသည် မြန်မာနိုင်ငံဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ တောင်ပေါ်- မြေပြန့်ဒေသ အနှံ့အပြားတွင် အခြားသောတိုင်းရင်းသားများနှင့် အတူတကွလက်တွဲ၍ ရာစုနှစ်ပေါင်းများစွာ အေးချမ်းပျော်ရွှင်စွာဖြင့် အခြေချနေထိုင်ကြသူများဖြစ်ပါကြောင်း၊ ပထမဦးဆုံး ကရင် အမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်လူကြီးများ၏ စုပေါင်းမိန့်ခွန်းတွင် ကျွန်ုပ်တို့ ကရင် လူမျိုးများ၏ စည်းလုံးညီညွတ်မှုကိုတည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ် မြန်မာနိုင်ငံကံကြမ္မာကို ဖန်တီးရာ၌ တစ်တပ်တစ်အား လက်တွဲပါဝင်ကြိုးပမ်းကြရမည်ဟု လည်းကောင်း၊ ကျွန်ုပ်တို့ကင်လူမျိုးများသည် ခေတ်နှင့်လျော်ညီစွာတွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများ ကြံဆချမှတ်ကာ အခြားသောတိုင်းရင်းသားများနှင့် တစ်စိတ်တစ်ဝမ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သောလူမျိုးများပေါင်းစုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွားကြရမည်ဟုလည်းကောင်း ကရင်နှစ်သစ်ကူးနေ့ အသံလွှင့် မိန့်ခွန်းတွင် ထည့်သွင်းမှာကြားခဲ့ပါကြောင်း၊ ကရင်နှစ်သစ်ကူးနေ့ကို ဖော်ဆောင်ပေးခဲ့သော ကရင်ဘိုးဘွားလူကြီးသူမများ၏ ဆုံးမလမ်းညွှန်စကားကို ယနေ့ခေတ် မိမိတို့ကရင် အမျိုးသားထုကြီးက မမေ့မလျော့ နှလုံးသွင်းအမှတ်ရလိုက်နာကာ လုပ်ဆောင်ကြမှသာလျှင် လျော်ကန်သင့်မြတ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးနှင့်အတူ ကရင့်ဘဝအေးချမ်းသာယာရေးနှင့် တိုးတက်မြင့်မားရေးကို လက်ဆင့်ကမ်းသယ်ဆောင် ကြိုးပမ်းဖို့ ကရင်တစ်မျိုးသားလုံးတွင်တာဝန်ရှိပြီး ကရင်နှစ်သစ်ကူးနေ့သို့ရောက်တိုင်း ကောင်းမြတ်သော အသိ၊ သတိတို့ဖြင့် နှလုံးသွင်းခံယူကြရမည်ဖြစ်ပါကြောင်း၊ ခေတ်ကာလ များမည်သို့ပင်ပြောင်းလဲဖြစ်ပေါ်နေသည်ဖြစ်ပါစေ ပြည်ထောင်စု၏ အကျိုးစီးပွားသည် နိုင်ငံတော်၏အကျိုးစီးပွားပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အကျိုးစီးပွားဆိုသည်မှာ မည်သည့် ခေတ်၊ မည်သည့်အချိန်တွင်မဆို ရှင်သန်ဖြစ်ထွန်းနေရမည်ဖြစ်ပါကြောင်း၊ နှစ်သစ် အခါသမယတွင် မင်္ဂလာကောင်းမြတ်ခြင်းအဖြာဖြာနှင့် ဘေးရန်အပေါင်းကင်းဝေး ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ မန်းသန်းဝင်းဦးက ကရင်အမျိုးသားနှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းဖတ်ကြားခဲ့ပါသည်။ 

ယင်းနောက် ကရင်တိုင်းရင်းသားရိုးရာဒုံးယိမ်းအက၊ ရိုးရာကြိုးကျစ်အကနှင့် ရိုးရာ ဝါးညှပ်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဧည့်သည်တော်များအား ကရင်နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image