တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၁၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ Steel Bridge တပ်ဆင်ခြင်းလုပ်ငန်း၊ ပိုင်တူးဖော်ပြီးစီးမှု များနှင့်ပတ်သက်ပြီး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပထမဦးစွာ ရှင်းလင်းဆောင်တွင် ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးမှုနှင့်ပတ်သက်ပြီး ဆိပ်ခံဗောတံတားကို တာဝန်ယူတည်ဆောက်လျက် ရှိသည့် Regel Strength ကုမ္ပဏီလိမိတက် မန်နေဂျင်းဒါရိုက်တာ ဦးပြည့်စုံဖြိုးက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က ဆိပ်ခံဗောတံတားကြီးတစ်ခုလုံး ရေရှည်ကြံ့ခိုင်မှုရှိစေရေး၊ အရည်အသွေးကောင်းမွန် စေရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး၊ ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေ ကျပ် (၁၆၄) သိန်းဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ပြည်ထောင်စုခန်းမအတွင်းအပြင် ဆေးသုပ်ခြင်း၊ စတိတ်စင်ပြုပြင်ခြင်း၊ ရေနုတ်မြောင်းများပြုပြင်ခြင်းနှင့် ကော်ဇောအသစ် ပြန်လည်ခင်းကျင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှု များနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတွင် Pontoon ပြုပြင်ပြီးစီးမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများအမြန်ပြီးမြောက် စေရေးနှင့် အကောင်းမွန်ဆုံးဖြစ်အောင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ တိုင်းရင်းသား ရိုးရာနေအိမ်များတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဇာတ်လမ်းတွဲဖြစ်သည့် “မိုးမြေသက်သေ… တို့သွေးချင်းတွေ” ဇာတ်လမ်းတွဲ စီစဉ်သူ သင်ဇာမြင့်မိုရ်နှင့် ဒါရိုက်တာ ကိုကိုကျော် ဦးဆောင်ရိုက်ကူးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းလည်း သိရှိရပါသည်။