၂၉-၁၁-၂၀၂၂ ရက်နေ့၊ နံနက်(၁ဝးဝဝ)နာရီ၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Vientiane မြို့ရှိ Muong Thanh Hotel ၊ အစည်းအဝေးခန်းမတွင် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mme.Livong Laoly က တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားရာတွင် လာအိုနိုင်ငံသို့ လာရောက်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဝမ်းမြောက်နွေးထွေးစွာကြိုဆိုပါကြောင်း၊ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ကို မြန်မာနှင့်လာအိုတို့ ပထမဆုံးဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စသည် နိုင်ငံတော်အတွက်လည်း အရေးကြီးသည့်ကိစ္စဖြစ်ပါကြောင်း၊ ယခုလိုနှစ်နိုင်ငံတိုင်းရင်းသားရေးရာဆိုင်ရာ အတွေ့အကြုံများကို နှစ်ဖက်ဖလှယ်နိုင်၍ မဲခေါင်ဒေသအတွင်းချစ်ကြည်ရင်းနှီးနားလည်မှုများ တိုးပွားလာနိုင်မည်ဟုမျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နိုင်ငံတော်၏အခြေခံမူတွင် တိုင်းရင်းသားများအရေးကို ထည့်သွင်းဖော်ပြထားပါကြောင်း၊ ထိုအခြေခံမူအရ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေကို၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၂၀၁၆ခုနှစ်တွင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ နည်းဥပဒေကို ၂၀၁၉ခုနှစ်တွင်ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည်သက်တမ်းအားဖြင့် ၆ နှစ်ခန့်သာရှိသေးသည့်အတွက် မူဝါဒနှင့်အတွေ့အကြုံများကို ဖလှယ်နိုင်ရေး ယခုကဲ့သို့ အစီအစဉ်ကို မဲခေါင်-လျန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ ၂၀၂၀ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ၏ တူညီသောတိုင်းရင်းသားယဉ်ကျေးမှုများနှင့် ရေးရာကိစ္စများကို အမြင်ခြင်းဖလှယ်ပြီး နောင်အနာဂါတ်တွင်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး ရင်းနှီချစ်ကြည်သည့် ကွန်ယက်ကိုတည်ထောင်နိုင်ရန်မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ လာအိုနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ တိုင်းရင်းသားနှင့်သာသနာရေးရာဌာန(Department of Ethnic and Religious Affairs)၊ ညွှန်ကြားရေးမှူးချုပ် Mr. Sosonephith Phanouvong က “လာအိုနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများနှင့်ယဉ်ကျေးမှုများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးဇော်စိုးက “တိုင်းရင်းသား ရေးရာလုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြပါသည်။ ထို့နောက် လာအိုနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ တိုင်းရင်းသားနှင့်သာသနာ ရေးရာဌာန(Department of Ethnic and Religious Affairs)၊ ညွှန်ကြားရေးမှူးချုပ် Mr. Sosonephith Phanouvong က “လာအိုနိုင်ငံရှိ တိုင်းရင်းသား ရေးရာမူဝါဒများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက “မြန်မာနိုင်ငံရှိ တိုင်းရင်းသားရေးရာမူဝါဒများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်က “ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ယဉ်ကျေးမှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က “မြန်မာနိုင်ငံရှိတိုင်းရင်းသားများ၏ရိုးရာပွဲတော်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးဖြေကြားခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က အခမ်းအနားတက်ရောက်လာသူများကို ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် ဆွေးနွေးပွဲရလဒ်မူကြမ်းကို နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များက ညှိနှိုင်းအတည်ပြုခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် လာအိုနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ လာအိုနိုင်ငံတွင်လည်း တိုင်းရင်းသားများ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းထားရှိပြီး တိုင်းရင်းသားများအတွက်ဆောင်ရွက်ပေးနေကြောင်း လေ့လာသိရှိရသည့်အတွက် လာအိုနိုင်ငံအပေါ်ဝမ်းမြောက်ဂုဏ်ယူအပ်ပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mme. Livong Laoly က နိဂုံးချုပ်အမှာစကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြပါသည်။ဆွေးနွေးပွဲကျင်းပမှုတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်နှင့် ထာဝရသစ္စာ သီချင်းတို့ဖြင့် ကပြဖျော်ဖြေခြင်းကိုပါ ဆောင်ရွက်ခဲ့ကြပါသည်။ (၃၀-၁၁-၂၀၂၂)ရက်နေ့တွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် Laung Prabang မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြပြီး Laung Prabang National Museum နှင့် Kuang SI ရေတံခွန်တို့သို့ သွားရောက်လေ့လာခဲ့ကြပါသည်။
၁-၁၂-၂၀၂၂ ရက်နေ့တွင် နံနက်ပိုင်းတွင် လာအိုနိုင်ငံ ရိုးရာဓလေ့ထုံးစံဖြစ်သည့် သံဃာတော်များအားအရုဏ်ဆွမ်းလောင်းမှုကိုလေ့လာပြီး ပါဝင်လောင်းလှူခဲ့ကြပါသည်၊ ထို့နောက် မဲခေါင်မြစ်အတွင်းစက်လှေဖြင့် ကောက်ညှင်းဆန်စိုက်ပျိုးသည့်ကျေးရွာBanxang Hai Village နှင့် ယက္ကန်းယက်သည့် Xangkhong Posa Weaving and Paper Handcraft Village တို့သို့ သွားရောက်လေ့လာကြကာ ဗီယန်ကျင်းမြို့သို့ မီးရထားဖြင့် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ၂-၁၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဗီယန်ကျင်းမြို့ရှိ Xieng Kuant Buddha Park သို့သွားရောက်လေ့လာခဲ့ကြပါသည်။ ၃-၁၂-၂၀၂၂ ရက်နေ့ တွင် ဒုတိယဝန်ကြီးခေါင်းဆောင်သည့်အဖွဲ့သည် ဗီယန်ကျင်းမြို့ Wattay နိုင်ငံတကာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ (၁၈:၃၀)အချိန်တွင်ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။