၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်များ
(၁) နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များနှင့် ဝန်ကြီးဌာန၏ e-Government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Network Server နှင့် Website တို့အား Maintaining လုပ်ငန်းများ ဆောင်ရွက်သွားမည်၊
(၂) တိုင်းဒေသကြီး/ပြည်နယ်များရှိ သဘာဝဘေးအန္တရာယ်၊ တိုက်ပွဲအန္တရာယ်များ ခံစားရသော တိုင်းရင်းသားများအား ကယ်ဆယ်စောင့်ရှောက် ကူညီထောက်ပံ့ခြင်းဖြင့် တိုင်းရင်းသားများ၏ဒေသများအတွင်း လူမှုရေး၊ စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုများကို ပြန်လည်မြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်သွားမည်၊
(၃) တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်အညီ တိုင်းရင်းသားတို့သည် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းများသို့ ထောက်ပံ့ခြင်းကို ဆောင်ရွက်သွားမည်၊
(၄) တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်အညီ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း နေထိုင်ကြသည့် ကရင်၊ ကယား၊ ချင်းနှင့် ရခိုင် တိုင်းရင်းသား တို့ဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူး နေ့မြတ် ပွဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရိုးရာလက်မှု ပစ္စည်းများထုတ်လုပ်မှု လက်မှုလုပ်ငန်းများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာအရ ဆောင်ရွက်သော ရိုးရာဓလေ့နှင့် ပွဲတော်အခမ်းအနားများ၊ နေ့ထူးနေ့မြတ်ပွဲများ ကျင်းပနိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းကို ဆောင်ရွက်သွားမည်၊
(၅) တိုင်းရင်းသားတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများသို့ ဆောင်ရွက်သွားကြမည့်ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနတွင်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာပို့ချမှုများ၊ ပြည်တွင်း/ ပြည်ပ လေ့လာရေးခရီးစဉ်နှင့် ဘွဲ့လွန်သင်တန်းများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီသင်တန်းများသို့ ဝန်ထမ်းများ စေလွှတ်သွားမည်၊
(၆) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တိုင်းရင်းသားရိုးရာအိမ်များ ပြုပြင်မွမ်းမံခြင်း၊ နန်းမြှင့်မျှော်စင်ပြုပြင်ခြင်း၊ ဝန်ထမ်းအိမ်ရာပြုပြင်ခြင်း၊ လမ်းနှင့်တံတားပြုပြင်ခြင်းများအပြင် အထွေထွေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်၊
(၇) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အသုံးပြုရန်အတွက် ကဇာတ်ရုံသုံးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းနှင့် လျှပ်စစ်ဘာဂီ Battery ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်။
(၈) အခြေခံလိုအပ်ချက်ဖြစ်သော ရုံးသုံးပရိဘောဂနှင့်အခြားလိုအပ်ချက်များကို ဖြည့်တင်းဝယ်ယူခြင်း၊ ရုံးအဆောက်အဦ၊ ရုံးသုံးစက်ကိရိယာ၊ ယာဉ်နှင့်အခြားပစ္စည်းများအား ရေရှည် သုံးစွဲနိုင်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်၊
(၉) ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့၌ “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”တွင် ပင်မဆောင်ကြီးကို(၂)ထပ်မှ (၄)ထပ် အဆောက်အဦသို့ တိုးမြှင့်တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်၊
(၁၀) ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) နှင့် (၂၀၂၂) ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”တွင် ကားရပ်နားရန်နေရာ၊ ကွန်ကရစ်လမ်း၊ ထရန်စဖော်မာ တပ်ဆင်ခြင်း၊ ပြင်ပလျှပ်စစ်လုပ်ငန်း(လမ်းမီးများ)၊ ရေမြောင်းနှင့်ပလက်ဖောင်းပြုလုပ်ခြင်း၊ Workshop Building၊ ခြံစည်းရိုးကာရံခြင်း၊ အဝီစိတွင်းတူးဖော်ခြင်းနှင့် ထမင်းစားဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
(၁၁) မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် “Fully Completement of Fundamental Tools for the Center of Vocational and Ethnic Community Affairs in Shan State” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါစီမံကိန်း အတွက် လိုအပ်သည့် Tools များ၊ Machine Equipment များနှင့် သင်ကြားရေး ကျွမ်းကျင် နည်းပြများ ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်။
(၁၂) တိုင်းရင်းသားစာပေများ တိမ်ကောမှုမရှိစေရေး တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးနှင့် တိုင်းရင်းသားဘာသာစကားများ အခြေခံသည့် သင်ရိုးပြဋ္ဌာန်းရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်၊
(၁၃) တိုင်းရင်းသားများနှင့်သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်၊ စကားပုံ၊ စကားထာ၊ အမည်နာမ မှည့်ဆိုခြင်းနှင့် အထင်ကရပုဂ္ဂိုလ်များ၊ တိုင်းရင်းသား မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေ၍ အသိပညာ တိုးပွားစေရန် ဆောင်ရွက်သွားမည်၊
(၁၄) တိုင်းရင်းသားရိုးရာအမွေအနှစ်များဖြစ်သော ဝတ်စားဆင်ယင်ပုံအဆင့်ဆင့်နှင့် အသုံးအဆောင် ပစ္စည်းများအား စုဆောင်း၍ ပြခန်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားမည်၊
(၁၅) တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ၊ ရိုးရာအစားအစာများ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ရိုးရာဓလေ့ဆိုင်ရာပြိုင်ပွဲများနှင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါး လူမျိုးများအကြောင်း ရုပ်သံမှတ်တမ်းတင် ရိုက်ကူးခြင်းလုပ်ငန်းများအပြင် နေ့ထူးနေ့မြတ်နှင့် အထင်ကရပွဲတော်များ နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရေးနှင့် ယဉ်ကျေးမှုရိုးရာအကအလှ ဖျော်ဖြေတင်ဆက်ခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားမည်၊
(၁၆) တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝမြှင့်တင်ရေး၊ အသိပညာပေးခြင်း လုပ်ငန်းများနှင့်သက်ဆိုင်သည့် လက်ကမ်းစာစောင်များ၊ အခြားသိမှတ် ဖွယ်ရာမျာအား တိုင်းရင်းသားဘာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေး ဆောင်ရွက်သွားမည်၊ (၁၇) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ချစ်ခင်ရင်းနှီးစွာ အကျိုးစီးပွား ဖြစ်ထွန်းနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝမြှင့်တင်ရေးကို ဖော်ဆောင်ပေးသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများပြုလုပ် ဆောင်ရွက်သွားမည်၊
(၁၈) တိုင်းရင်းသားများ ဗဟုသုတမြင့်မားလာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုကို ရရှိစေရေး လေ့လာရေး ခရီးစဉ်များ နှစ်စဉ်ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်၊
(၁၉) ဒေသအလိုက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်၊
(၂၀) တိုင်းရင်းသားဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားလူငယ်များအား သက်မွေးကျောင်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်၊
(၂၁) တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့၌ ၎င်းတို့၏ ဝိသေသရှေ့ဆောင် စကားလုံး ထည့်သွင်း၍ လူမျိုးအမည်မှန်ဖြစ်စေရေး မူဝါဒချမှတ်နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲများ ဆောင်ရွက်မည်၊
(၂၂) တိုင်းရင်းသားဒေသများတွင် ကျင့်သုံးလျက်ရှိသော တိုင်းရင်းသားရိုးရာ ဖြတ်ထုံးများအရ တိုင်းရင်းသားလူမျိုးများ အချင်းချင်း(သို့) တိုင်းရင်းသား လူမျိုးများအကြား အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲနှင့် ရိုးရာဖြတ်ထုံးများအား စုစည်း မှတ်တမ်းတင်ခြင်း အစီအစဉ်များ ဆောင်ရွက်မည်၊
(၂၃) ဆက်စပ်ဌာနများနှင့်ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အစီအစဉ်များရေးဆွဲခြင်းတို့ကို ဆောင်ရွက်မည်၊
(၂၄) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၉)၊ နည်းဥပဒေ (၂၀) နှင့် (၂၁) အရ စီမံကိန်းဆိုင်ရာလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးပြီး သဘောထားမှတ်ချက်ပြု ပြန်ကြားပေးနိုင်ရန်အတွက် လိုအပ်မည့်ခရီးစရိတ်များ တောင်းခံခြင်းတို့ကို ဆောင်ရွက်သွားမည်။