တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ တိုင်းဒေသကြီး ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၂၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့် စစ်မှုထမ်းဥပဒေပါကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အသိပညာပေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၃)ဦးတို့က ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။