တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၁၁
နေပြည်တော် 2025-02-11
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မင်္ဂလာမောင်းတီးခတ်ကာ  ထမနဲထိုးပြိုင်ပွဲ စတင်ကြောင်း ကြေညာပါသည်။

ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အသင်း(၃)သင်းတို့က အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြပြီး ဝန်ထမ်းများက သီချင်း၊ သံချပ်များဖြင့် ဖျော်ဖြေကာ မြိုင်မြိုင်ဆိုင်ဆိုင် အားပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


Image
Image
Image
Image