ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

19 NOV

တိုင်းရင်းသားကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

  • ရန်ကုန်
  • 19 November 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ၁၉-၁၁-၂၀၂၆ ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ မိုးကုလား ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုက်ကြီးခရိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းဇော် က  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်က ဗလငါးတန်နှင့်ပြည့်စုံ သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုက်ကြီးမြို့နယ်၊ မိုးကုလားကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ဥက္ကဌ ဦးစောနီကယ်တို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားရေးရာ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုစေခြင်း၊  အာလူးကောက်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုး ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ် ခြင်းနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်စုပေါင်း အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပြီး အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား၊ကျောင်းသူများအား မနက်စာနှင့် နေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းကို  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။