တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဌာနမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်(၉)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် ကျပ် (၂၅)သိန်းတိတိ လှူဒါန်းခဲ့ပါသည်။
ယင်းနောက် နံနက်(၁၀)နာရီအချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိ၍ ရုံးအဝင်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာ နေထိုင် ကြရန်၊ ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် လုံခြုံရေးကိစ္စကို အလေးထား ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေများကို သတ်မှတ်ထားသည့် ငွေစာရင်း ထိန်းသိမ်းရေး နည်းလမ်းများ နှင့်အညီ စနစ်တကျသုံးစွဲရန် လမ်းညွှန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီးနောက် ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးဌာန(၂)ခုရှိ ပုံသေပိုင်ပစ္စည်းများကို စာရင်းနှင့် ပစ္စည်းများ တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဦးစီး ဌာန(၂)ခုလိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အတွင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားသံစုံတီးဝိုင်းဖော်ထုတ်ခြင်း၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ၌ ကာလတိုသက်မွေးပညာသင်တန်းများကို(၁၆)ကြိမ်၊ ရပ်ရွာအခြေပြုသင်တန်း(၅)ကြိမ်၊ စုစုပေါင်း သင်တန်း(၂၁)ကြိမ်၊ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်(၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၄၂၀)ဦးအား သက်မွေးပညာသင်တန်းများ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ၎င်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ရပ်ရွာဒေသတွင် သက်မွေးပညာရပ်များ ပြန်လည်အသုံးချနိုင်နေပြီးဖြစ်ကြောင်း သတင်း တင်ပြအပ်ပါသည်။