တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Basic Networking သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော ဒီဂျစ်တယ် နည်းပညာခေတ်တွင် ICT သည် လူတိုင်းအတွက် လိုအပ်သည့် အဓိကပညာရပ်ဖြစ်ပြီး အမြဲသင်ယူလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချချက်များကို သေချာစွာ လေ့လာမှတ်သားပြီး လက်တွေ့သင်ခန်းစာများကို ကိုယ်တိုင်တတ်ကျွမ်းသည်အထိ သင်ယူလေ့ကျင့်ခြင်းများ သာမက စဉ်ဆက်မပြတ် ဆက်လက်လေ့လာ သင်ယူသွားကြရန်နှင့် မိမိတို့၏စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဌာနနှင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစဉ်ရှေ့ရှုပြီး e-Government စနစ် အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာသည်အထိ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်ကြားသူ ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကား ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့သင်ကြား ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၂) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။