တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဆောင်ရွက်သည့် “ခြင်းရက်လုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)” ဖွင့်ပွဲ အခမ်းအနားကို (၂၄-၂-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၌ “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံတော်စီးပွားမြင့်မားရေးနှင့် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ရွက်သွားမည်” ဟူ၍ ပါရှိရာ အဆိုပါလုပ်ငန်းစဉ်နှင့်အညီ ပြည်တွင်းမှထွက်ရှိသောကုန်ကြမ်းပစ္စည်းများကို ထိရောက်စွာ အသုံးချပြီး အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ သွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်ရာ မိမိတို့မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေတိုးပွားလာရုံသာမက နိုင်ငံတော်ဝင်ငွေ တိုးပွားစေရန်လည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသည့် နည်းပညာများကို ကြိုးစားသင်ယူ၍ ကိုယ်ပိုင်အသေးစားလုပ်ငန်းများကို ထူထောင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်ကို အထောက်အကူပြုနိုင်သည့် စီးပွားဖြစ်လုပ်ငန်းများဆီသို့ တက်လှမ်းနိုင်ရေးအတွက် မိမိကျရာ အခန်းကဏ္ဍမှ အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသခံတိုင်းရင်းသားများသို့ ထပ်ဆင့် သင်ကြားပြသပေးနိုင်သည်အထိ တတ်မြောက်ရန်လိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး ဒုတိယဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများနှင့် လက်တွေ့သင်ကြားဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ယခုသင်တန်းကို (၂၄-၂-၂၀၂၅) ရက်နေ့မှစ၍ (၁၀) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။