“အခြေခံနှင့် အဆင့်မြင့်ကွန်ပျူတာသင်တန်းများနှင့် ခြင်းတောင်းရက်သင်တန်း” များကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်
- ရန်ကုန်တိုင်းဒေသကြီး
- 13 May 2026
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “အခြေခံနှင့် အဆင့်မြင့်ကွန်ပျူတာသင်တန်းများနှင့် ခြင်းတောင်းရက်သင်တန်း” များဖွင့်ပွဲ အခမ်းအနားကို (၁၃-၅-၂၀၂၆) ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ တက်ရောက်လာသည့် သင်တန်းသား/ သင်တန်းသူများနှင့် ဒေသခံများအား အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းမှရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခြေခံကွန်ပျူတာသင်တန်းကို (၁၃-၅-၂၀၂၆) ရက်နေ့မှ (၁၂-၆-၂၀၂၆) အထိ သင်တန်းသား(၁၆) ဦး၊ သင်တန်းသူ(၁၄) ဦး စုစုပေါင်း (၃၀) ဦးဖြင့် လည်းကောင်း၊ ခြင်းတောင်းရက်သင်တန်းကို (၁၃-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးဖြင့်လည်းကောင်း၊ အဆင်မြင့်ကွန်ပျူတာသင်တန်းကို (၁၂-၆-၂၀၂၆) ရက်နေ့မှ (၁၃-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းသား(၁၆) ဦး၊ သင်တန်းသူ(၁၄) ဦး စုစုပေါင်း (၃၀) ဦးဖြင့် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။