တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် U.I.D Number ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပန်းခင်းစီမံချက်ကို ယာယီနေရပ် စွန့်ခွာဒေသခံတိုင်းရင်းသားများအနေဖြင့် မွေးရာပါနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများအားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကို ကာယကံရှင်တိုင်းရင်းသားပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ဆောင်ရွက်ပေးအပ်နိုင်သည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ ပန်းခင်းစီမံချက်ကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ရသော်လည်း အခြားသောဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှု၊ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများအား မိမိအနေဖြင့် ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ပြီး ပျော်ရွင်စွာဖြင့် ဆောင်ရွက်ပေးခြင်းသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားရောက်နိုင်ခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း ယခုအခါတွင် များစွာဆုံးရှုံးခဲ့ရပါကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးထားလုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့က ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု လူဦးရေစာရင်းများပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ပါသည်။ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားများ၏ ကိုယ်ရေးအချက်အလက်များဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ အမြဲကိုင်ဆောင်သော ဖုန်းနံပါတ်နှင့်နေရပ်လိပ်စာ တို့ကို စီစစ်ထည့်သွင်းခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်များဖြစ်သော လက်ဗွေရာ၊ မျက်လုံးနှင့် မျက်နှာအနေအထားတို့ကို ခေတ်မီနည်းစနစ်များဖြင့် စိစစ်ကောက်ယူဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန်
ညောင်တုန်းမြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် နွေရာသီကရင်စာပေသင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်တုန်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိနှင့်အတူ အမှုထမ်းများ၊ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအမှုဆောင်များ၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ မြို့နယ်ကရင်တိုင်းရင်းသား ဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌမန်းဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်စိုး နှင့် ညောင်တုန်းမြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ စောရန်မျိုးနိုင် တို့က အမှာစကားပြောကြား၍ သင်တန်းကျင်းပရေးကော်မတီ အတွင်းရေးမှူး နန့်စမ်းသီတာဦးက သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် သင်တန်း နည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ သင်တန်းသား/သူများအား သင်တန်း ဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းသားများက ကရင်တိုင်းရင်းသား ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ (၂၀) ရက်တာ ကာလအတွင်း ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ပိုးကရင် နှင့် စကောကရင် တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၁၈၀)ကျော် တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၁၃-၅-၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဝိသေသရှေ့ဆောင်စကားလုံးများ မှန်ကန်ရေး၊ ပြည်ထောင်စု စိတ်ဓါတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုငြိမ်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒေါ်ခင်ထွေးကြည်က အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေးသူငယ်ရေးရာနှင့် လူမှုရေးပင်စင် စသည့် လူမှုဝန်ဆောင်မှု ဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးက စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၉) ဦး တို့မှဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" ကို (၉-၅-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ ရွာလယ်ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက တိုင်းရင်းသား ဒေသခံများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား သိရှိနိုင်ရန်နှင့် ဒေသအတွက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို သိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူရခြင်းဖြစ်ကြောင်းစသည်ဖြင့် အဖွင့် အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရန် စာပေများဖတ်ရှုခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများကို လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးရေးရာကိစ္စရပ်များ၊ မသန်စွမ်းရေးရာကိစ္စရပ်များနှင့် လူမှုရေးပင်စင်စသည့် ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေယံထက်က အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးကိစ္စရပ်များ၊ တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင်စကားလုံးများပါဝင်သည့် အမည်ဖြင့် ကျောင်းအမည် စာရင်း ရေးသွင်းနိုင်ရေးကိစ္စများ၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း လုပ်ငန်းစဉ်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၁၀၀)ဦး ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှအဖွဲ့ဝင်များ၊ ထုံးအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပပြုလုပ်သော ကရင် (စကော)တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမ (TA/LT)များအတွက် နွေရာသီမွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၈.၅.၂၀၂၄) ရက်နေ့က အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ သရက်ကုန်း(ကရင်) ကျေးရွာ၊ ဘုရားကြီးမြို့နယ်၊ ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမ (TA/LT) များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဲ့ဒီနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခြင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီက ဆရာ/ဆရာမများအတွက် လိုအပ်သည်များကို ပြောကြားခြင်း၊ ကရင်(စကော) တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမ(TA/LT)များမှ တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့ကြ ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မွန်ပြည်နယ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ကရင်တိုင်းရင်းသား စာပေသင် ဆရာ/ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် မြို့နယ် အသီးသီးမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ရန်ပုံငွေကျပ်သိန်း(၃၀)အား လူမှုရေးရာဝန်ကြီးမှ သင်တန်းကျင်းပရေး တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး၍ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက် (၈:၀၀) အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး စောလင်းခယ်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူများနှင့် Azalea Stars အကအဖွဲ့တို့က တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ပါသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းသား ရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ပုံနှိပ်ထုတ်ဝေသော မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဧပြီလ ၂၃ ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများ၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ရခိုင်/ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မန်းသိန်းကျော်က စာအုပ်ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအသီးသီး ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းသားရိုးရာအကသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန(၂) ခုမှ အရာထမ်း၊ အမှုထမ်း များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက သင်တန်းဖွင့်လှစ်မည့် အစီအစဉ် အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တိုင်းရင်းသားရိုးရာ အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ (၁၅)ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ကရင်၊ရခိုင်နှင့် ချင်း တိုင်းရင်းသားသင်တန်းသူ (၄၈) ဦး တက်ရောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးနှင့် ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဗမာတိုင်းရင်းသားရိုးရာနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အခမ်းအနားကို မြူမှောင်ဝေကင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက နှစ်သစ်ကူး အကြိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် ယဉ်ကျေးမှုအဖွဲ့မှ အတာင်္ကြန် တေးသီချင်းများဖြင့် ဖေျာ်ဖြေခဲ့ပြီး၊ ဗမာသိုင်း အကျော်အမော်များမှ ဗန်တို၊ ဗန်ရှည် သိုင်းပညာ၊ ဝါးရင်းတုတ်သိုင်းပညာ၊ ဓားသိုင်းပညာရပ်များအား သရုပ်ပြတင်ဆက်ခဲ့ပြီး ရိုးရာခြင်းလုံးပညာရှင်များမှ ဗမာ့ရိုးရာခြင်းလုံးအားကစားနည်းအား အလှပြတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ကပြဖျော်ဖြေသရုပ်ပြခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ထောက်ပံ့ ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော တိုင်းရင်းသား မိသားစုများက မန်းတောင်ရိပ်ခို တေးသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ကရင်စာပေနှင့်ယဉ်ကျေးမှု အသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ(TA)နှင့် တိုင်းရင်းသား ဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ (၁၀)ရက်နေ့တွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်းသူဆရာ၊ ဆရာမများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကရင်နှင့် ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌများမှ သင်တန်း၏ အားသာချက်၊ အားနည်းချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT)ဆရာ၊ ဆရာမ(၁၇၃)ဦးအတွက် ဆန်၊ ဆီ၊ အားလူးနှင့် ကြက်သွန်များ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။ ထို့နောက် မွမ်းမံသင်တန်းတက်ရောက်ခဲ့ကြသည့်(TA/LT) ဆရာ၊ဆရာမများက ကရင် တိုင်းရင်းသားရိုးရာ စကောအကဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသားရိုးရာ ယိမ်းအကဖြင့် လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီ အရှိုချင်းစာပေဆရာဖြစ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် မြန်အောင်မြို့နယ်၊ ရေတာကျေးရွာ၊ အ.လ.က-ဘန့်ဘွေးကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ တာဝန်ခံအရာရှိနှင့်အတူ အမှုထမ်းများ၊ သက်ဆိုင်ရ ဌာနများမှ တာဝန်ရှိသူများ၊ ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို အရှိုချင်းတိုင်းရင်းသားသဘာပတိကြီးက အမှာစကားပြောကြား၍ စတင် ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားရေးရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် နှင့် အတွင်းရေးမှူးက အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်လျာထားချက်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အရှိုချင်းတိုင်းရင်းသူများက ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဒေသခံအရှိုချင်းတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ငပုတော၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ် (၄) မြို့နယ်ရှိ အရှိုချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၅၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ကို (၂) ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းသားအားလုံး အခြေခံအားဖြင့် တက် မြောက်ပြီဟု ယုံကြည်ပါကြောင်း၊ ပထမအကြိမ်သင်တန်းကို အားရပါကြောင်း၊ ယခု အကြိမ်တွင် လည်း ထိုကဲ့သို့ဖြစ်မည်ဟု ထင်မြင်ယူဆပါကြောင်း၊ “ပညာလိုအိုသည်မရှိ” ဆိုသည့် စကားပုံ အတိုင်း လေ့လာဆည်းပူးနေကြရန်လိုပါကြောင်း၊ ယခုမော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းမှ စ၍ အင်ဂျင်သဘောတရားနားလည်သွားပြီး မော်တော်ယာဉ်များပြင်ဆင်နိုင်သည်အထိ အထောက် အကူပြုနိုင်ပါကြောင်း၊ သင်တန်းမှပညာရပ်များကိုမမေ့ကြရန်နှင့် အပတ်တကုတ် ကြိုးစားအား ထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားခဲ့ပါသည်။ထို့နောက် သင်တန်းဆင်းလက်မှတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန် ရှိသူတို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ တို့ကို ပေးအပ်ခြင်း၊ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၃-၂၀၂၄)ရက်နေ့မှ (၅-၄-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဘာသာသင်ထောက်ကူ (TA)နှင့် တိုင်းရင်းသားဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူးနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ရာ ကရင်၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ဥက္ကဌများက လက်ခံခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေပေးအပ်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ လက်ခံခဲ့ပါသည်။ ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာ ဝါးညှပ်အက၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းရိုးရာယိမ်းအက၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ယဉ်ကျေးမှုအဖွဲ့မှ အကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်နှင့် ရှမ်း တိုင်းရင်းသားဘာသာစာပေသင်(TA/LT)ဆရာ၊ ဆရာမ (၁၁၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကယားနှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် Bakery & Snack အမျိုးအမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဤအဆောက်အဦ ကို ဆောက်လုပ်ခဲ့ပါကြောင်း၊ ဤသင်တန်းစင်တာတွင်ဖွင့်လှစ်မည့် သင်တန်းများကိုလည်း ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှရရှိသည့် ရန်ပုံငွေများပေါ်မူတည်၍ ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ်မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်လှစ် ပေးခဲ့ပြီး ယခုဒုတိယအကြိမ်ထပ်မံဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အခြေခံကွန်ပျူတာသင်တန်း တစ်ကြိမ်လည်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းသည်လည်း သင်တန်းသား၊ သင်တန်းသူများအတွက် အကျိုးစီးပွားဖြစ်ထွန်း စေမည့် အသေးစား၊ အလတ်စားကုန်ထုပ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလသည် ရက်သတ္တ(၁)ပါတ် ဖြစ်သော်လည်း မုန့်ပြုလုပ်နည်း (၂၁) မျိုးသင်ကြားပေးနိုင်သည့်အပြင် တက်ရောက်လာသည့်သင်တန်းသားသူများသည်လည်း ဉာဏ်ကွန့်ပြီးတီထွင်ကြံဆ ကြိုးစားသင်ယူကြသည်ကိုတွေ့ရပါကြောင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တတ်ကျွမ်းသည့် ပညာရှင်များ လာရောက်သင်ကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တိုင်းရင်းသားများအတွက် အကျိုး ပြုမည့်အခြားသင်တန်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖွင့်လှစ်ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း၊ နောင်တွင်ရပ်ဝေးမှ သင်တန်းသားများပါ ပါဝင်တက်ရောက်နိုင်ရန် ထပ်မံ ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများက သင်တန်းမှ သင်ကြားပေး သည့်မုန့်အမျိုးအစားများအားလုံးကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေသည်ကို တွေ့ရသည့် အတွက် များစွာ ကျေးဇူးတင်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်၊ သင်တန်းနည်းပြဆရာမများ အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှပေးအပ်သည့် ထောက်ပံ့ပစ္စည်းများအား တက်ရောက် လာသည့် သင်တန်းသား၊ သင်တန်းသူများထံသို့ ပေးအပ်ခြင်း၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်း အနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၂-၃-၂၀၂၄)ရက်နေ့မှ (၂၈-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကယား၊ ဗမာ၊ လားဟူ၊ ဓနု၊ ပလောင် စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်